ပေါက်၊ ဇွန် ၆၊ ၂၀၂၆။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာကနေ ထွက်ပြေးလာတဲ့ ပျူစောထီးတွေနဲ့မိသားစုဝင် ၇၀ ကျော်ကို လက်နက်တွေနဲ့အတူဖမ်းမိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုတာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၅ ရက်ညနေ ၅ နာရီခန့်မှာ ကုက္ကိုစုရွာနဲ့ မြိုင်စက်မှု ၂ သွားလမ်းပိုင်းမှာ ထွက်ပြေးသွားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို လိုက်ရှာဖွေရင်းဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“ကုက္ကိုစုရွာကို တော်လှန်ရေးအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ သိမ်းပိုက်နိုင်ခဲ့တဲ့အခါမှာ အဲ့ဒီနေ့ကလည်း ပျူက ၅၀ ထက်မနည်း ဖမ်းမိတယ်။ ကျန်တဲ့ပျူတွေက အဖမ်းလည်းမခံဘူး။ ပြန်လည်ခုခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၆၀ မမတွေအပါအဝင် ဂန်း ၁၇ လက်နဲ့ ထွက်ပြေးကြတယ်ပေါ့။ ကျနော်တို့က တောနင်းရွာဖွေရင်းနဲ့ ဖမ်းဆီးရမိတယ်။ “လို့ အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဖမ်းမိသူတွေထဲမှာ ကလေးငယ်၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအပြင် ပျုစောထီးတွေလည်း ပါဝင်ပြီး NUG စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ဆိုပါတယ်။
အဲ့ဒီထဲမှာ ကလေးငယ်နဲ့ အမျိုးသမီး ၃၀ ကျော်ပါဝင်ပြီး ကျန်လူတွေက ပျူစောထီးတွေလို့သိရကာ ထွက်ပြေးတဲ့အဖွဲ့တွေကို ခေါင်းဆောင်လာတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ စစ်ကော်မရှင်တပ်သား ၆ ဦးက တော့ လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

သူတို့ကိုဖမ်းမိချိန်မှာလည်း သေနတ် ၁၇ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။
ဇွန် ၄ ရက်ကလည်း ရေပြာကျေးရွာရဲစခန်းနဲ့ ကုက္ကိုလ်စုကျေးရွာပျူစောထီးစခန်းတို့ကို တော်လှန်ရေးတပ်းပေါင်စုတွေက သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကော်မရှင်နဲ့ပျူစောထီးတွေသေဆုံးကာ စစ်ကော်မရှင်တပ်နဲ့ပျူစောထီး ၅၀ ဦးကျော်အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားကာ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ အညာမြေတပ်ပေါင်းစုဆီကသိရပါတယ်။
စာတည်း – လင်း