မန်ချက်စတာနှစ်သင်း အားပြိုင်မယ့် Community Shield (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ သြဂုတ် ၁၀၊ ၂၀၂၄။

အင်္ဂလန် ပရီးမီးယားလိဂ် အားကစားရာသီသစ်မစတင်ခင် ပုံမှန်ကျင်းပလေ့ရှိတဲ့ Community Shield ပြိုင်ပွဲမှာ မန်ချက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်စွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ Community Shield ပြိုင်ပွဲကို ယနေ့ ဩဂုတ် ၁၀ ရက် မြန်မာစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်သွားကြမှာပါ။

မြို့ခံပြိုင်ဘက်နှစ်သင်းရဲ့ အစဉ်အလာရှိတဲ့ ဒါဘီပြိုင်ဆိုင်မှုကို မြင်တွေ့ရမယ့် ပွဲဖြစ်ပြီးတော့ ဒီဘက်နှစ်တွေမှာ ထိပ်တန်းအဆင့်ဖြစ်လာတဲ့ ပက်ဂွာဒီယိုလာရဲ့ ချန်ပီယံ စီတီးအသင်းကို တန်ဟက်ရဲ့ ယူနိုက်တက်တို့ ဘယ်လို ယှဉ်ပြိုင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

လက်ရှိမှာ ယူနိုက်တက်အသင်းအနေနဲ့ ခံစစ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားအချို့ရှိနေပြီး မာတီနက်ဇ်ကလွဲလို့ အခြားခံစစ်ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေရ မရေရာသေးတဲ့အပြင် အသစ်ထပ်မံခေါ်ယူထားတဲ့ ရိုယိုကလည်း ဒဏ်ရာကြောင့် နှစ်လခန့်အနားယူရမှာကြောင့် ရာသီအစပွဲစဉ်တွေကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။

စီးတီးအသင်းကတော့ ဒဏ်ရာရကစားသမား ကင်းစင်နေပြီး တိုက်စစ်မှူး အယ်ဗာရက်ဇ်ကို စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ရောင်းချခဲ့တာကလွဲရင် လူစုံပါဝင်နိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ သုံးနှစ်မှာလည်း Community Shield ကန်ခွင့်ရခဲ့ပြီး သုံးကြိမ်လုံး ရှုံးနိမ့်ထားကာ ယနေ့ပွဲကို ထပ်မံရှုံးနိမ့်ပါက လေးနှစ်ဆက်တိုက်ရှုံးနိမ့်မှာဖြစ်ပြီး အဲ့ဒီလို လေးနှစ်ဆက်တိုက် ရှုံးနိမ့်မှုကို ၁၉၉၈ ကနေ ၂၀၀၁ အထိ မန်ချက်စတာယူနိုက်တက်က ရှုံးနိမ့်ခဲ့ဖူးတာကြောင့် လေးနှစ်ဆက်ရှုံးနိမ့်မှု စံချိန်တူသွားမလား ကြည့်ရမှာပါ။

Community Shield ပြိုင်ပွဲမှာတော့ ယူနိုက်တက်တို့က အကြိမ် ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၁ ကြိမ် ဗိုလ်စွဲခဲ့ကာ Community Shield အများဆုံးရထားတဲ့အသင်းဖြစ်ပြီးတော့ စီးတီးတို့ကတော့ ၁၅ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ၆ ကြိမ် ဗိုလ်စွဲခဲ့ပါတယ်။

ယနေ့ည Community Shield ပွဲစဉ်ကိုတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့အတိုင်း အင်္ဂလန်က ဝင်ဘာလေကွင်းမှာပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo – talksport 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။