ညောင်ဦးမှာ စစ်ကြောင်းဝင်မီးရှို့လို့ နေအိမ် ၂၀၀ ခန့်မီးလောင်ပျက်စီး

0 102
0 102

ညောင်ဦး၊ ဇူလိူင် ၁၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးဝင်ရှို့လို့ နေအိမ် ၂၀၀ ခန့်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇူလိုင် ၁၂ ရက်မနက် ၉ နာရီခန့်မှာ ရွာမကျေးရွာဘက်ကနေလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဟာ မီးလောင်ဖျားတောင်ရွာကို ဝင်ရောက်မီးရှို့ပြီးနောက် မီးလောင်ဖျားမြောက်ရွာ၊ ရွာသစ်ဥယျာဥ်ကျေးရွာတွေကို ဆက်တိုက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာပတ်မီးရှို့နေတဲ့ စစ်ကြောင်းက မုန်းတိုင်းကနေတဆင့် စဥ့်ကူး၊ အဲ့ကနေတဆင့် ရွာမဘက်ကနေ မီးလောင်ဖျားတောင်ရွာကို စဝင်တာ။ တောင်ဘက်ရွာတခုတည်းက ၁၅၀ ကျော်တယ်။ မြောက်ဘက်ရွာလည်း ၅၀ ထက်မနည်းဘူး။ ရွာသစ်ဥယျာဥ်ရွာက လူတွေဆွဲသွားပြီးပြန်လွှတ်ပေးခဲ့တယ်။ မီးရှို့တာတော့ မသိရသေးဘူး”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကျေးရွာတွေကို မီးရှို့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဦးမြို့ထံရှိ ခလရ ၄၁၅ ထဲ ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၈ ရက်က ချောင်းရှည်၊ အနောက်အုံ၊ ယာတောကြီးကျေးရွာ၊ ဇူလိုင် ၉ ရက်နေ့မှာ ကျောက်ပြင်ကန်၊ ဇီးစမြင်၊ မြောင်ကျေးရွာတွေက နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက မီးဝင်ရှို့နေတာကြောင့် အိမ်ခြေ ၁၀၀ ကျော်ကနေ ၅၀၀ ခန့်ရှိတဲ့ ရွာတွေဖြစ်တဲ့ ချောင်းရှည်၊ ယာတောကြီး၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ ဂျိုးကန်၊ စခါး၊ မြောင်၊ ရွှေကဖြူ၊ ကြအို၊ မြေသန့်တောင်၊ မအူပင်၊ ပျော်ဘွယ်၊ ရွာသာ၊ ညောင်လှ၊ ပြင်းချောင်း၊ လယ်ကန်၊ ကန်သာ၊ ကံကြီးကုန်းရွာ တွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀,၀၀၀ ကျော်လောက်ထွက်ပြေးနေရပြီး အများစုကတော့ နေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။