မြေလတ်အသံ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေမှာ မိုခါမုန်တိုင်းကြောင့် ဆည်လက်တံတွေ ကျိုးပျက်ခဲ့တာ၊ စက်သုံးဆီနဲ့ သွင်းအားစုစရိတ်တွေ တရိပ်ရိပ်မြင့်တက်လာတာကြောင့် စပါးစိုက်ပျိုးမှုနဲ့အထွက်နှုန်း သိသိသာသာလျော့ကျလာတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
၂၀၂၃ မိုခါမုန်တိုင်းကြောင့် စပါးစိုက်တောင်သူတွေအားထားရတဲ့ ဆည်လက်တံတွေ ပျက်စီးခဲ့တဲ့ အတွက် ၂၀၂၄၊ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေအတွင်း မိုးရေကို မှီခိုစိုက်ပျိုးခဲ့ရတဲ့အပြင် စက်သုံးဆီ ဈေးနှုန်းလည်း အဆမတန်မြင့်တက်လာတာကြောင့် စပါးစိုက်ပျိုးနှုန်းရော အထွက်နှုန်းပါ သိသိသာသာ လျော့ကျလာတာလို့ တောင်သူတဦးက ပြောပါတယ်။
“မိုခါကတည်းက ဆည်လက်တံတွေ ကျိုးသွားတာ။ ကျနော်တို့ ပုလဲမြောက်ခြမ်းနဲ့ ယင်းမာပင် တောင်ခြမ်း မြို့နယ်ချင်းစပ်နေရာတွေမှာ လျှပ်စစ်မီးကလည်း ဖြတ်ခံထားရတော့ ရေသွင်းရင်လည်း ဓာတ်ဆီနဲ့ပဲ သွင်းရတာ။ ဆည်တွေကလည်း ကျိုးနေတော့ ရေမလာဘူး။ စိုက်တာကတော့ ထက်ဝက်လောက်ကို လျှော့စိုက်လာကြတာ။” လို့ ပုလဲဒေသခံတောင်သူတဦးက ပြောပါတယ်။
ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်က မင်းကံကြီး၊ မင်းကံတိုက်၊ လည်ငေါက်၊ တမာပင်ခွရွာတွေအပါအဝင် အဆိုပါမြို့နယ်တွေထဲမှာ စိုက်ပျိုးနှုန်းလျော့ကျနေတာလည်း ဖြစ်ပါတယ်။
ပုလဲမြို့နယ်မှာ ဓာတ်ဆီ ၁ လီတာကို ငွေကျပ် ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြား ပေးဝယ်ရပြီး စပါး ၁ ဧကရေသွင်းဖို့အတွက် ဓာတ်ဆီ ၂ ဂါလံခန့် အသုံးပြုရကာ စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိ ၄ ကြိမ် ရေသွင်းရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းထိုးတာတွေကြောင့်လည်း တောင်သူတွေမှာစပါးခင်းတွေကို ပုံမှန်ဂရုမစိုက်နိုင်ဘဲ ရေသွင်းရမယ့်အချိန်တွေမှာလည်း စစ်ရှောင်ရတဲ့အခြေအနေတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆည်လက်တံတွေ ကျိုးပျက်သွားခဲ့တဲ့ နှစ်တွေအတွင်း ရေဝပ်နိုင်တဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ မိုးရေကို အားကိုးစိုက်ပျိုးနေကြပြီး ရေမဝပ်နိုင်တဲ့ နေရာတွေမှာတော့ စပါးစိုက်ပျိုးနိုင်ခြင်း မရှိဘူးလို့ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် ဆည်မြောင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
“မိုးကောင်းသောက်ရတော့ အဆင်ပြေတဲ့ တောင်သူပဲ စိုက်ကြတာ။ အောက်ပိုင်းတောင်သူပေါ့ဗျာ။ လယ်ဆိုရင်တော့ ကုန်းကွက်နဲ့ အောက်လယ်ကျင်းကွက်ဆိုရင် လယ်ကျင်းကွက်တွေကတော့ များသောအားဖြင့် ရေသေချာတဲ့ နေရာတွေမှာ မိုးကောင်းသောက် စိုက်ကြတယ်။ ရေမသေချာတဲ့ ကုန်းကွက်တွေကတော့ စပါး မစိုက်ဘူးလေ။ တခြားသီးနှံပဲ စိုက်ကြရတာပေါ့။ အားလုံးကတော့ မစိုက်နိုင်ကြဘူးလေ” လို့ ဆည်မြောင်းတာဝန်ခံက ပြောပါတယ်။
အခုလို မိုးရေကိုသာ အားကိုးပြီး စိုက်ပျိုးနေကြရတာကြောင့် ရေဝပ်တဲ့ မြေနိမ့်ပိုင်းဒေသတွေမှာသာ စပါးအထွက်နှုန်းကောင်းပြီး ရေမဝပ်တဲ့ ဒေသတွေမှာတော့ စပါးအထွက်နှုန်း သိသိသာသာ လျော့ကြလာတယ်လို့ သိရပါတယ်။
“ကွာခြားချက်ကတော့ ရှိတယ်။ မိုးကောင်းသောက်ကျတော့ မိုးရွာမှ လယ်က ပိုပြီးထွက်တာကိုး။ အဓိက အောင်ရေမှာ စကားပြောတာလေ။ အခု အောင်ရေက အဓိက လိုနေကြတာ။ အောင်ရေ လိုနေတဲ့အချိန်မှာ မိုးမရွာရင် မိုးကောင်းသောက်က အထွက်နှုန်း နည်းနည်းလျော့တာတွေ ရှိတာပေါ့။ အရင်တုန်းကလိုမျိုး မှန်းဆချက်ကတော့ ဆည်ရေသောက်က ၁ ဧက ကို (တင်းရေ) ၇၀၊ ၈၀ ထွက်ရင် မိုးကောင်းသောက်ကတော့ ၅၀၊ ၆၀ လောက်ပဲ ထွက်မယ်လို့ မှန်းတာပဲ။” လို့ ဆည်မြောင်းတာဝန်ခံက ပြောပါတယ်။
မုန်တိုင်းကြောင့် ကျိုးပျက်ခဲ့ရတဲ့ ဆည်လက်တံတွေအနက် ယင်းမာပင်မြို့နယ်ဘက်အခြမ်းက လက်ဝဲမြောင်းတွေကို ယင်းမာပင်ခရိုင် ဆည်မြောင်းတာဝန်ခံက ဦးဆောင်ပြီး ပြန်လည် ပြင်ဆင်ပေးနေပြီး ပြင်ဆင်မှုတွေပြီးသွားပါက လာမယ့်နှစ်တွေမှာ စပါးပိုစိုက်နိုင်မယ်လို့ သူက ခန့်မှန်းပါတယ်။
“ဆည်ရေရတဲ့ နေရာတွေကတော့ ဒီ မြောင်းကျိုးတွေရဲ့ အထက်ပိုင်းပေါ့။ အဲဒီအပိုင်း ၈မိုင်၊ ၉ မိုင်လောက် ရှိတဲ့ မြောင်းတွေကတော့ ဆည်ရေရတယ်။ စပါးစိုက်ကြတယ်။ မြောင်းကျိုးတဲ့ ဝန်းကျင်ဒေသက တောင်သူတွေကတော့ မိုးရေနဲ့ပဲ အဓိက စိုက်ပျိုးကြတာပေါ့။ ကျနော်တို့ အခု မြောင်းကျိုးပြင်လိုက်ရင်တော့ ဒီမြောင်းတွေကနေ ရေပေးနိုင်ရင်တော့ နောက်နှစ်တွေမှာ စပါးပိုပြီး စိုက်နိုင်လာမှာပါ။”