မကွေး၊ အောက်တိုဘာ ၂၇၊ ၂၀၂၆။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်အစပ်က စစ်ရှောင်ပြည်သူ ၄၀၀ ကျော် အရေပြားရောဂါ၊ ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေးဖြစ်ပွားနေလို့ အကူအညီ လိုအပ်နေတယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော် ကျန်းမာရေးတာဝန်ခံဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လခန့်ကစပြီး ချင်းပြည်နယ်၊ ကျင်ဒွေးမြိုဘက်ကို စစ်ကောင်စီစစ်ကြောင်းထိုးလာကတည်းက စေတုတ္တရာနဲ့ ကန်ပက်လက်မြို့နယ်အစပ် ကျေးရွာတွေက ပြည်သူ ၂၀၀၀ ကျော်ဟာ တောတောင်နဲ့တောင်ယာတဲတွေမှာ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။


အဲဒီစစ်ရှောင်ထဲက ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၄၀၀ ကျော်လောက်ဟာ အရေပြားရောဂါ၊ ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်ရတဲ့နေရာမှာ နေရာထိုင်ရအဆင်မပြေတာပေါ့။ အဓိက ရေမသန့်တာ။ တောင်ပေါ်မှာဆိုတော့ သောက်ရေသုံးရေ မသန့်ရှင်းတာတွေရယ်၊ နေရထိုင်ရတဲ့အပေါ်မှာလည်း ဖြစ်သလိုနေ ဘဖြစ်သလိုစား ရတယ်။ တောင်ပေါ်ဆိုတော့ ရာသီဥတုလည်းကြမ်းသလို နေဖို့ထိုင်ဖို့ ခဲယဥ်းတော့ ဖြစ်ကြတာ”လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်ရဲ့ ကျန်းမာရေးတာဝန်ခံက ပြောပါတယ်။



လက်ရှိ ရောဂါဖြစ်ပွားနေသူတွေကိုလည်း ကုသနိုင်ဖို့ ဆေးဝါးတွေရှားပါတဲ့အပြင် ပါရာစီတမော့လို ဆေးမျိုးပင် မရှိတော့တာကြောင့် ရောဂါသက်သာပျောက်ကင်းမှု နည်းပါးနေတယ်လို့ ဆိုပါတယ်။
ရောဂါဖြစ်ပွားနေသူတွေမှာလည်း ရောဂါပျောက်ကင်းနိုင်ဖို့ ဒေသတွင်း တိုင်းရင်းဆေးမြီးတိုတွေနဲ့ ကုသနေကြပြီး ရောဂါအကင်း ပျောက်ကင်တာမျိုး မရှိပဲ သက်သာလိုက် ပြန်ဖြစ်လိုက် ဖြစ်နေတယ်လို့ သိရပါတယ်။



ရောဂါဖြစ်ပွားနေသူ စစ်ရှောင်တွေကို ကူညီပေးနိုင်ဖို့ ဆေးဝါးတွေလည်းမရှိသလို သယ်ယူဝယ်ယူရဖို့လည်း ခက်ခဲနေတာကြောင့် အကူအညီတွေလည်းလိုအပ်နေပြီး တတ်နိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ မြေလတ်လွတ်မြောက်ရေးတပ်တော်ကနေတဆင့် ဆေးဝါးတွေလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်အတွင်း ကန်ပက်လက်နဲ့ကျင်ဒွေးတဝိုက်မှာ စစ်ရေးပြင်းထန်နေလို့ စစ်ဘေးရှောင်တွေဟာ ဒီကနေ့အထိ နေရပ်မပြန်နိုင်ကြသေးတာလို့ သိရပါတယ်။