အောင်လံမှာ စစ်မှုထမ်းကြေးခြိမ်းခြောက်တိုးကောက်နေလို့ ဒေသခံတွေအခက်တွေ့

0 9
0 9

အောင်လံ၊ ဇွန် ၂၊ ၂၀၂၅။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ထိန်အင်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး ခြိမ်းခြောက်ပြီးတိုးကောက်နေတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၄ နှစ်စကတည်းက စစ်မှုထမ်းကြေးကောက်ခံနေတာဖြစ်ပြီး ယခင်က ကျပ် ၂,၅၀၀၀၊ ၃,၀၀၀၀ ကောက်ခံရာကနေ မေလကစပြီး ကျပ် ၄၀,၀၀၀ နှုန်းနဲ့ကောက်ခံနေတာကြောင့် ဒေသခံလက်လုပ်လက်စားတွေအနေနဲ့ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

” ၂၀၂၄ နှစ်စမှာ စပေးရတာ၊ အခုအထိပဲ အဲ့ဒါပေးနေရတာ။ ၁ လ ၁ကြိမ်၊ ၂ လ ၁ကြိမ်၊ ၃ လ ၁ကြိမ် (ပေးဆောင်ရတဲ့အချိန်)မမှန်ဘူး။ အခု လေးသောင်းကလည်း ၃ လ ၁ ကြိမ်ပေးရမယ်လို့ ပြောတယ်။ မပေးဘူးဆိုရင်လည်း သူတို့က ခြိမ်းခြောက်တယ်။ မပေးနိုင်ဘူးဆိုရင်လည်း ကိုယ့်ကိစ္စကိုယ်ရှင်းကြပေါ့၊ မပေးနိုင်လို့ လာဖမ်းရင်လည်း လိုက်သွားကြပေါ့ အဲ့လိုခြိမ်းခြောက်ထားတာ၊ မပေးချင်လည်း ပေးနေရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

ထိန်အင်းကျေးရွာဟာ ယခင်က ကျွဲသေကျေးရွာအုပ်စုဝင်ရွာဖြစ်ပြီး အခုအခါ ၎င်းကျေးရွာအုပ်စုဝင် မဟုတ်တော့ပေမယ့် ထိန်အင်းရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးနဲ့ ကျွဲသေရွာအုပ်ချုပ်ရေးမှူး ဦးစိန်ကုလား တို့က ပူးပေါင်းပြီး ခြိမ်းခြောက်ကောက်ခံနေတာလို့ သူက ဆက်ပြောပါတယ်။

“ကျွဲသေက ဥက္ကဌပေါ့ စိန်ကုလားဆိုတဲ့ဥက္ကဌနဲ့ သူ(ထိန်အင်းရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေး)နဲ့က ပေါင်းပြီးလုပ်နေတာပေါ့။ အဲ့ဒီ စိန်ကုလားက သူ့မှာ အနားမှာစစ်သားတွေရှိတယ် သေနတ်လည်း သူ့မှာကိုင်ထားတယ် သေနတ်ရှိတယ်။ အဲ့လို ပေါင်းပြီးလုပ်နေတာ မပေးနိုင်ရင် တခုခု ရန်ရှာမယ်ပေါ့။” လို့ အဆိုပါ ဒေသခံကပြောပါတယ်။

ထိန်အင်းကျေးရွာအပြင် အနီးအနားရွာတွေဖြစ်တဲ့ ရွာမ၊ အောင်ညီသာရွာအပါအဝင် တခြားရွာတွေမှာ စစ်မှုထမ်းကြေးကောက်ခံမှုရှိနေပြီး ပေးရတဲ့နှုန်းအတူတူလောက်ဖြစ်နိုင်မယ်လို့ ခန့်မှန်းပေမယ့် ဘယ်လိုပေးဆောင်ရတယ်ဆိုတာတော့ အတိအကျမသိရဘူးလို့ သူကဆိုပါတယ်

အဆိုပါ စစ်မှုထမ်းကြေးတိုးမြှင့်ကောက်ခံတာကြောင့် ဒေသခံလက်လုပ်လက်စားတွေအနေနဲ့ ပေးဆောင်ဖို့ အခက်အခဲရှိနေတဲ့အပြင် စစ်မှုထမ်းကြေးပေးထားပါကလည်း ကျေးရွာအတွင်းမှာသာအာမခံပြီး အပြင်ထွက်ချိန်ဖမ်းဆီခံရပါက တာဝန်မယူနိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောထားတဲ့အတွက် ရွာအပြင်ထွက်အလုပ်လုပ်ကိုင်ရာမှာလည်း အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီရဲ့ အမိန့်ကြေညာစာအမှတ် ၂၇ /၂၀၂၄ နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း စတင်ဖွင့်လှစ်ခဲ့ကာ လက်ရှိမှာ အပတ်စဉ် ၁၀ အထိ သင်တန်းပြီးဆုံးခဲ့ပြီး အပတ်စဉ် ၁၁၊ ၁၂ နဲ့ ၁၃ တို့ သင်တန်းတက်ရောက်နေဆဲ ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။