27 July 2026 1:31 AM

တိုက်ပွဲဖြစ်တဲ့နေရာကရွာတွေကို စစ်ကြောင်းပြန်ထိုးမီးရှို့လို့ အိမ်ခြေ ၁၂၀ ကျော်ပျက်စီး

0 13
0 13

မင်းလှ၊ မေ ၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငမိုးရိပ်နဲ့ ဇရစ်မြောင်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၂၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါ တယ်။

ဧပြီ ၃၀ ရက်မှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဇရစ်မြောင်ကျေးရွာနဲ့ မေ ၁ ရက်ဒီကနေ့မနက် ၇ နာရီကျော်မှာ အိမ်ခြေ ၅၀ ကျော်ရှိတဲ့ ငမိုးရိပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

“နှစ်ရွာပေါင်း ၁၂၀ ကျော်ပျက်စီးတယ်။ ဇရစ်မြောင်ကတော့ရွာလုံးကျွတ်နီးပါးပေါ့ ပျက်စီးများတယ်။ စစ်ကောင်စီအကျအဆုံးများလို့ ပြန်ပြီးစစ်ကြောင်းထိုးလာပြီးတော့ တိုက်ပွဲဖြစ်တဲ့ နေရာကရွာတွေ မီးရှို့ဖျက်ဆီးနေတာ”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇရစ်မြောင်က နေအိမ် ၉၀ ခန့်နဲ့ ငမိုးရိပ်ရွာက နေအိမ် ၃၀ ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာ ၂ ရွာကိုမီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အင်အား ၁၅၀ ခန့်ပါရှိပြီး ငမိုးရိပ်ကျေးရွာကိုမီးရှို့ပြီးနောက် ချီပါတောင်ဘက်ကိုတက်သွားခဲ့ကြတယ်လို့ အထက်ပါတပ်ဖွဲ့ဝင် ကဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက တပ်မ ၉၉ နဲ့ပေါင်းစပ် အင်အားပေါ့။ အဲဒီအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တာပေါ့။ အဓိက ငမိုးရိပ်ရွာနဲ့ ဇရစ်မြောင်ရွာကြားမှာတိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့(စကစ)ဘက်က အထိနာပြီးအကျအဆုံးများတော့ ကစဥ့်ကလျားနဲ့ တပ်တွေပြန်ဆုတ်ပြီးတော့ အခုဟာက အရံစစ်ကြောင်း ပြန်ထိုးလာတာ”လို့ သူကဆိုပါ တယ်။

ပြီးခဲ့တဲ့ဧပြီ ၂၇ ရက်က မင်းလှမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့် ပါခြေလျင်စစ်ကြောင်းကို ငမိုးရိပ်နဲ့ဇရစ်မြောင်ကျေးရွာအကြားမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။