ညောင်လေးပင်၊ စက်တင်ဘာ ၁၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ပြွန်တန်ဆာဘူတာနဲ့ဒိုက်ဦးဘူတာအကြား ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ DEMU ရထားနဲ့ထွန်စက်တိုက်မိပြီး ၂ ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်မှာ နေပြည်တော်မှ ထွက်ခွာလာတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထားနဲ့ ရထားလာချိန် လမ်းဖြတ်ကူးတဲ့ ထွန်စက်တို့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
“လူက ရုပ်တွေက တော်တော်ပျက်သွားတယ်။ ရထားတိုက်တာဆိုတော့ အကုန်လုံးပိန်လိမ်ရှုပ်တွပြီး အရိုးတွေအကုန်ကျိုးပေါ့။ ထွန်စက်ကလည်း လုံးလုံးပြတ်သွားတာ ၃ ပိုင်းပေါ့။ ဘီးတွေလည်းတစစီ။ အင်ဂျင်တွေလည်း တစစီ။ ရထားလမ်းအောက်ပြုတ်ကျတာကော အပေါ်မှာ ပိနေတာတွေကော ဖြစ်သွားတာ”လို့ ဖြစ်စဥ်ကို မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။
ရထားတိုက်မှုဖြစ်တဲ့နေရာက ကျေးရွာတွေကိုသွားတဲ့ ရထားလမ်းကူးလမ်းရှိပြီး ရထားလာချိန် ဖြတ်သန်းခွင့်ပိတ်တဲ့ မောင်းတံတော့ ထားရှိထားတာမျိုးမရှိဘူးလို့ သိရပါတယ်။
ရထားတိုက်တာကြောင့် ထွန်စက်ပေါ်ပါ အေးကျေးရွာနဲ့ အဆင့်မြင်သမကျေးရွာတို့က အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးမှာ နေရာမှာပဲ သေဆုံးသွားသလို ထွန်စက်နဲ့အတူ သယ်လာတဲ့ ဆိုင်ကယ်တို့လည်း တစစီပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် DEMU ရထားလည်း ရထားခေါင်းပိုင်းပျက်စီးမှုရှိခဲ့ပေမယ့် ရထားတွဲချော်တာနဲ့ ရထားပေါ်ပါ ခရီးသွားတွေ ထိခိုက်သေဆုံးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့အလောင်းကိုတော့ မြို့ခံပရဟိတအသင်းတွေက ကောက်ယူပြီး ပြွန်တန်ဆာ တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
စာတည်း-စိုးဦး