သဲကုန်းမှာ အမျိုးသမီးတဦး နေအိမ်ထဲ သေနတ်နဲ့ပစ်သတ်ခံရ

0 1
0 1

သဲကုန်း၊ စက်တင်ဘာ ၁၆၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ အမျိုးသမီးတဦး နေအိမ်ထဲ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သဲကုန်းမြို့နယ်၊ ဗြမ္မာ့အင်းအုပ်စု၊ ကွင်းကြီးရွာက အသက် (၃၆) နှစ်ဝန်းကျင် ဒေါ်နီလာမြင့်(ခ)သီတာ ဖြစ်ပြီး စက်တင်ဘာ (၁၃) ရက် မနက် (၆) နာရီခွဲလောက်က နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အသက် ၄ဝ ဝန်းကျင်လောက်အမျိုးသမီးတဦး သေနတ်နဲ့ ပစ်သတ်ခံရတာတော့ ကြားတယ်။ ပုတီးကုန်းဆေးရုံကိုသယ်သွားတယ်ပြောတယ်။ အဲရွာတွေက တောစပ်(သစ်တောကြိုးဝိုင်း)တွေနဲ့နီးနေပြီလေ” အဲဒီဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ အဲဒီအမျိုးသမီးကို PDF တပ်ဖွဲ့က ဒလန်လို့စွပ်စွဲပြီး အမျိုးသား (၄) ဦးက ဆိုင်ကယ် (၂) စီးနဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြေလတ်အသံက အဲဒီဒေသရှိ တော်လှန်ရေးအဖွဲ့က တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့သိရှိခြင်းမရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ စက်တင်ဘာ(၁၆) ရက်နေ့အထိ မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စက်တင်ဘာ (၅) ရက်ကတော့ အဲဒီရွာအနီး ရုံးပင်တက်ရွာက နေအိမ် (၁၁) လုံးနဲ့ ဆည်ကြီးကျိုးရွာက နေအိမ် (၂) လုံး ပေါင်း (၁၃) လုံးကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်စီးခဲ့သလို အနီးဝန်းကျင်က ဖားစမ်းကန်၊ ဘိုကုန်း၊ ပန်းပင်ကုန်းနဲ့ အောင်စည်သာကွက်သစ်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်တာ ဗုံးကြဲတာတွေလုပ်ခဲ့လို့ ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၉ ရက် ညနေကလည်း အဲဒီရွာက အသက် ၃၆ နှစ်ဝန်းကျင် ဒေါ်ဇင်မေဦးကို အမည်မသိလက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးခဲ့ပါသေးတယ်။


သတင်း – သော်တာအောင်၊ စာတည်း-စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။