ငလျင်ဒဏ်ထိထားတဲ့ ဘုန်းကြီးကျောင်းအိမ်သာဖြိုချရာက အမျိုးသားတဦးသေဆုံး

0 5
0 5

ပြင်ဦးလွင်၊ ဧပြီ ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၆၊ အောင်မြေဇေယျာဘုန်းကြီးကျောင်းစာသင်တိုက်မှာ ငလျင်ဒဏ်ထိထားတဲ့ ကျောင်းကုဋီ(အိမ်သာ)ကိုဖြိုချရာက အမျိုးသားတဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် ဦးထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး ဧပြီ ၂၅ ရက် ယမန်နေ့ညနေ ၃ နာရီခန့်မှာ ကျောင်းဝန်းအတွင်းကုဋီအဆောက်အဦဖြိုချတာကို ဝိုင်းဝန်းလုပ်ကိုင်ပေးနေချိန် အမိုးပြိုကျပြီးပိမိခဲ့တာလို့ ဆိုပါတယ်။

” ကုဋီဖြိုရင်းနဲ့ပိမိပြီးသေတာလို့ ကျောင်းနဲ့နီးစပ်သူတွေပြောပြလို့သိရတယ်။ သေသူက အဲ့ဒီကျောင်းက ဦးဇင်းတပါးရဲ့ညီလို့ပြောတယ်။ ကျောင်းကငလျင်ဒဏ်ထိထားတာ ကုဋီကသုံးမရတော့လို့ ဖြိုချရင်းအပေါ်ကနေ ပြိုကျလာရင်း ပြေးမလွတ်တော့လို့ ဖြစ်သွားတာ” လို့ ပြင်ဦးလွင်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အိမ်သာ အမိုးပိမိလို့ ဦးထွန်းထွန်းနိုင်မှာ ဇက်ကျိုး၊ ခေါင်းပေါက် သွေးထွက်ဒဏ်ရာတွေနဲ့နေရာမှာပင်သေဆုံးသွားပြီး ရုပ်အလောင်းတွေကို ဒေသလူမှုကူညီရေးအသင်းတွေက ပြင်ဦးလွင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ပြင်ဦးလွင်မြို့မှာလည်း ငလျင်ဒဏ်ခံစားခဲ့ရပြီး အဆောက်အဦပျက်စီးထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။