အုတ်တွင်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာမှာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ချလို့ PDF (၅) ဦးနဲ့ပြည်သူ (၅) ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်တပ်အင်အား ၁၀၀ ခန့်ဟာ ကျေးရွာအနီးကိုရောက်လာပြီးနောက် ရွာထဲကို လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ အကြိမ်ရေများစွာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“စကောက်တွေ ဝဲတယ်။ ပြီးတော့ ကျနော်တို့ရဲဘော်တွေရှိတဲ့နေရာကို ခန့်မှန်းပြီးတော့ ဒရုန်းတွေနဲ့ကြဲတာ။ အဲဒီမှာ ရဲဘော် ၃ ယောက်နဲ့ မိသားစု ၃ ယောက်ကျတယ်။ အဲဒီမှာ ကူညီဖို့သွားထပ်ရဲဘော်နှစ်ယောက်လည်း ထပ်ကျတယ်။ လက်နက်ကြီးဒရုန်းတွေနဲ့မနားတမ်းထုတာမှာ ပြည်သူကလေးတွေလည်းထပ်ထိတာ” လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးကြောင့် တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းက အသက် (၂၀) ကျော်အရွယ် ရဲဘော် (၅) ဦးကျဆုံးခဲ့သလို ရွာခံဲပြည်သူတွေဖြစ်တဲ့ အသက် (၅) နှစ်နဲ့ (၆) နှစ်အရွယ် မိန်းကလေးငယ်နဲ့ ယောင်္ကျားလေးငယ်၊ အသက် (၃၀) ကျော်အရွယ် အမျိုးသမီး (၁) ဦး၊ အသက် (၄၀) ကနေ (၆၀) ကြား အမျိုးသား (၂) ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေရဲ့ နာရေးကို စက်တင်ဘာလ (၁၆) ရက်နေ့မှာ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုတွေပြီးနောက် စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာလ (၁၆) ရက်နေ့မနက်ပိုင်းမှာ ကျေးရွာထဲကို ရောက်လာပြီး ကျေးရွာအတွင်းက သစ်ကုန်သည်တွေပိုင်ဆိုင်တဲ့ သစ်မျိုးစုံ တန်ရာချီကို ကားတွေနဲ့တိုက်ထုတ်နေသလို နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့အထိ အဆိုပါစစ်ကြောင်းဟာ ရွှေလောင်း၊ ဘိုကုန်း၊ ကြက်တက် ကျေးရွာအနီးတဝိုက်မှာ ရှိနေပြီး အနီးအနားကျေးရွာတွေကို ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ကင်းထောက်တာမျိုးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှူနဲ့ လေကြောင်းကင်းထောက်မှုတွေကြောင့် ရွှေလောင်း၊ ဘိုကုန်း၊ မီးတိုင်တော၊ ဇီးကုန်းရွာအပါအဝင် ကျေးရွာ (၆) ရွာလောက်က ဒေသခံ (၄၀၀၀) ကျော်ထွက်ပြေးနေရပြီး စက်တင်ဘာလ (၁၈) ရက်နေ့အထိ နေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၀) ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာမှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခံရပြီး ပြည်သူ (၃) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်.

စာတည်း-စိုးဦး