◾️ ပဲခူးတိုင်းအတွင်း ရထားလမ်းဖြတ်ကူးသူတွေကို ဆက်တိုက်ဖမ်းဆီးနေ
အုတ်တွင်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ဈေးရပ်ကွက်၊ သခင်မြလမ်းရှိ မီးရထားသံလမ်းကူးဂိတ်မှာ DEMU ရထားလာချိန် လမ်းဖြတ်ကူးသူ သက်ကြီး ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဖမ်းဆီးအမှုဖွင့်ခံရသူတွေကတော့ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း (၂) ရပ်ကွက်နေ အသက် (၅၆) နှစ်အရွယ် ဒေါ်ဝင်းရွှေနဲ့ ပဲခူးလမ်းရပ်ကွက်နေ အသက် (၆၃) နှစ် အရွယ် ဦးလေးကြည် တို့ဖြစ်ပြီး အောက်တိုဘာလ (၁၅) ရက်နေ့ မနက် (၁၁) နာရီကျော်ခန့်မှာ ရထားလမ်းဖြတ်ကူးလို့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
“ရထားလာချိန် သံလမ်းဂုံးပိတ်ထားတာ။ အလံပြကလည်း အလံပြပြီး ပိတ်ထားတာ။ ရထားကလည်းလာနေပြီ စက်ဘီးဆိုတော့ ကာထားတဲ့ အောက်ကနေ စောင်းသွင်းပြီး ဖြတ်တာ။ ချက်ချင်းဖမ်းပြီး အမှုဖွင့်တာ”လို့ မြို့ခံတဦးက ပြောပါတယ်။
အုတ်တွင်းနဲ့တောင်ငူမြို့တွေမှာ DEMU ရထားလာချိန် ရထားလမ်းကူးနေရာတွေမှာ ရဲတွေနဲ့မီးရထားဝန်ထမ်းတွေ လာရောက်စောင့်ဆိုင်းနေတတ်ကာ လမ်းဖြတ်ကူးသူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
ရထားလမ်းဖြတ်ကူးသူ (၂) ဦးကိုတော့ အုတ်တွင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး မီးရထားဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။



အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း တောင်ငူမြို့ ၊ အမှတ် ( ၁၇ )ရပ်ကွက် ၊ ကန်လမ်း မီးရထားသံလမ်း ဂိတ်မှာ DEMU လူစီး အမြန်ရထားလာနေချိန် မောင်းတံဂိတ်ပိတ်ပြီး အလံအချက်ပြနေသည့်ကြားမှ မောင်းတံလွတ်သည့်နေရာမှ အတင်းဖြတ်ကူးသူ အမျိုးသား ၂ ဦးကို တောင်ငူမြို့မ ရဲစခန်းမှာ ရထားပို့ဆောင်ရေး ဥပဒေ ပုဒ်မ ၈၈(က) နဲ့ ဖမ်းဆီးခံထားရသေးတယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာလအတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းနဲ့ ရန်ကုန်-ပြည် မီးရထားလမ်းတစ်လျှောက် စည်းကမ်းမဲ့ မောင်းနှင်ခဲ့သူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ အာဏာသိမ်းစစ်တပ် ပဲခူးတိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
မီးရထားဥပဒေပုဒ်မ ၈၈(က)အရ ဖမ်းဆီးခံရပါက. ထောင်ဒဏ် ၃ လအထိ သို့မဟုတ်ငွေဒဏ် အနည်းဆုံး ကျပ် ၁၀,၀၀၀ မှ အများဆုံး ကျပ် ၁၀၀,၀၀၀ အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုလုံး ချမှတ်နိုင်တယ်လို့ သိရပါတယ်။
စာတည်း-စိုးဦး


