◼️ (၁) ဦးအရှင်ဖမ်းခံရပြီး (၈) ဦးထွက်ပြေး
မလှိုင်၊ စက်တင်ဘာ ၁၊ ၂၀၂၆။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူအပါအဝင် ၁၂ ဦးဟာ ကျေးရွာအတွင်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့မနက် ၆ နာရီခန့်မှာ PDF တပ်ဖွဲ့ဝင်တွေက ကျေးရွာထဲကို ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၄ နှစ်အရွယ် ဦးစိုးလင်းထိုက်ပါ ၁၂ ဦးကို ရွာလယ်မှာပင် ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
“ခေါင်းဆောင်ကိုအရင်ဖမ်းတယ်။ ပြီးမှသူလက်အောက်ကအဖွဲ့ဝင်တွေကိုဖမ်းတယ်။ တနေရာစီကနေခေါ်လာပြီး ရွာလယ်ခေါင်မှာ တန်းစီပြီး ပစ်ခတ်ရှင်းလင်းသွားတာ”လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသွားသူတွေထဲက ဦးစိုးလင်းထိုက်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သလို စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့(ပလကဖ) ခေါ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်ပြီး ကျန်သူတွေက သူအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ထမ္မကြီးကျေးရွာက စိုးလင်းထိုက်ဦးဆောင်တဲ့ ပလကဖ အဖွဲ့ဝင် ၂၀ ဦးရှိပြီး အမျိုးသမီး ၃ ဦးလည်းပါဝင်ကာ မလှိုင်မြို့ပေါ်ကို တပတ်လျှင် ၇ ဦး လုံခြုံရေးကိစ္စတွေအတွက် သွားပေးရသလို မြို့ပေါ်ရောက်ချိန် လက်နက်ကိုင်ရပေမယ့် ကျေးရွာပြန်လာချိန်မှာတော့ လက်နက်တွေထားခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ ပစ်ခတ်မှုကို ဒေသတွင်း PDF တပ်ဖွဲ့တခုက လာရောက်ပြုလုပ်သွားတာဖြစ်ပြီး ပစ်ခတ်မှုအတွင်း ဦးစိုးလင်းထိုက်အပါအဝင် အသက် ၂၀ ကနေ ၆၃ နှစ်ကြား အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁၀ ဦးသေဆုံးပြီး အဖွဲ့ဝင် အမျိုးသား ၁ ဦးကို အရှင်ဖမ်းသွားတယ်လို့ ဆိုပါတယ်။
ဒေသတွင်း PDF တွေက စိုးလင်းထိုက်ရဲ့အဖွဲ့ကို လာရောက်ဖမ်းဆီးချိန် အဖွဲ့ဝင် အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၇ ဦးကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ PDF တပ်ဖွဲ့ဘက်ကတော့ ယနေ့စက်တင်ဘာလ ၁ ရက်နေ့အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့ အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀ ခန့်နဲ့ ကျေးရွာထဲကိုရောက်လာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
စာတည်း – စိုးဦး