ချောင်းဦး၊ စက်တင်ဘာ ၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို စစ်တပ်စစ်ကြောင်းရောက်နေပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှိူ့လို့ နေအိမ် (၁၀) လုံးထက်မနည်းပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ကျီကုန်းကျေးရွာက စစ်တပ်အင်အား ၃၀၀ ကျော်ဟာ ဩဂုတ်လ ၃၀ ရက်နေ့မှာ ရွှေဒါးကျကျေးရွာထဲကိုရောက်လာပြီးနောက် ဩဂုတ်လ ၃၁ ရက်နေ့ညနေပိုင်းမှာ ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့မနက် ၅ နာရီလောက်မှာ တိုက်ပွဲဖြစ်ကြတယ်။ ရွှေဒါးကျရွာထဲမှာကော ခင်မွန်၊ မုံရွေးဘက်မှာကော ဖြစ်ကြတယ်။ ရွာကိုတော့မနေ့ညနေက မီးရှို့တယ်။ ဗုံတို၊ ကုန်းကြီးတို့ဘက်ကိုလည်း ဒရုန်းဗုံးသီးတွေနဲ့လိုက်ချတာရှိတယ်။”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်က မီးရှို့လို့ ကျေးရွာအတွင်းက နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးနိုင်ပြီး အသေးစိပ်ကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်မှုမရှိပေမယ့် စစ်တပ်ဘက်က ထိခိုက်သေဆုံးရှိနိင်ပြီး အရေအတွက်မသိရသေးသလို စစ်တပ်က ကျေးရွာထဲမှာ စက်တင်ဘာလ ၁ ရက်နေအထိ တပ်စွဲထားပါတယ်။
ချောင်းဦးမြို့နယ် ပလဖက ဖမ်းဆီးစစ်ဆေးချိန် ရွှေဒါးကျကျေးရွာက ဆရာတော် ပျံလွန်တော်မူပြီးနောက် ဩဂုတ်လ ၂၈ ရက်နေ့ကစတင်ပြီး မုံရွာကနေ စစ်တပ်စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်း ကျေးရွာထဲ အထိုင်ချထားလို့ အိမ်ခြေ ၂၀၀ ကနေ ၅၀၀ ခန့်ထိရှိတဲ့ မုံရွာမြို့နယ်၊ ချောင်းဆုံ၊ သစ်ဆိပ့်၊ ချောင်းဦးမြို့နယ် ရွှေဒါးကျ၊ ချောင်းပဒေါက်၊ ထန်းတောကြီး၊ ဗုံတို၊ ညောင်ပင်လှ၊ ကျီကုန်း အရှေ့၊ ကျီကုန်းအနောက်အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က လူဦးရေ ၇၀၀၀ ဝန်းကျင်ဟာ ကျေးရွာတွေကို ပြန်မဝင်နိုင်သေးဘုးလို့ သိရပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့မှာ ချောင်းဦးမြို့နယ်ပလဖ က ဖမ်းဆီးစစ်ဆေးနေတဲ့ ရွှေဒါးကျကျေးရွာဆရာတော် ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံချန်နယ်တွေမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ နေ့စဥ်နီးပါးလှုံဆော်လာလာကြတာလည်းဖြစ်ပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၅ ဦးတို့ဟာလည်း စက်တင်ဘာလ ၁ ရက်နေ့အထိတော့ ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။
စာတည်း-စိုးဦး