မြေလတ်အသံ၊ ဩဂုတ် ၃၁၊ ၂၀၂၆။
မြေလတ်ဒေသအတွင်းမှာ မိုးစပါးစိုက်ပျိုးစရိတ် ထက်ဝက်ကျော်တက်လာလို့ အရှုံးပေါ်နိုင်တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ စက်ယန္တယားနဲ့ လုပ်သားငှားရမ်းခတွေ ယခင်နှစ်ထက် စျေးတက်လာတဲ့အတွက် အခုနှစ် လယ်တဧက စိုက်ပျိုးကုန်ကျစရိတ်က ယခင်နှစ်မိုးစပါးစိုက်ပျိုးရာသီရဲ့ ကုန်ကျစရိတ်ထက် ထက်ဝက်ကျော်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
“အကျိုးအမြတ်ကတော့ နည်းမယ်ဗျ။ လယ်ကအထွက်ကောင်းရင် ပါးပါးရမယ်။ အထွက်နည်းရင်ရှုံးမယ်။ ကျနော်တို့နယ်က စပါးပြီး စပါးဆိုတော့ အချို့မြေတွေက မောတာရှိတယ်။ မောတဲ့အခါ မိုးသီးနှံစိုက်တဲ့အခါ ထွက်အားလျော့တာပေါ့။ ကိုးဆယ်တို့တရာတို့မထွက်ဘဲနဲ့ ခြောက်ဆယ်ခုနှစ်ဆယ်လောက် ထွက်ရင်တော့ ရှုံးမှာ။” လို့ ဝမ်းတွင်းနယ်ခံ လယ်သမားတဦးက ပြောပါတယ်။
တောင်သူလယ်သမားတွေကတော့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်တတ်ကြတာဖြစ်လို့ ရှုံးလည်းလုပ်ကိုင်ရမှာဖြစ်သလို မြတ်လည်းဆက်လက်လုပ်ကိုင်ရမှာဖြစ်ပြီး ယခုနှစ်ကုန်ကျစရိတ်နဲ့တွက်ပါက တဧက စပါးတင်း ၁၀၀ ထွက်မှ အမြတ်အနည်းငယ်သာရမှာဖြစ်တယ်လို့ ဆိုပါတယ်။
မိုးစပါးရိတ်သိမ်းပြီး စပါးပေါ်ချိန်မှာ စပါးတင်း ၁၀၀ ကို စပါးအမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း ၂၀ ကနေ ၂၅ သိန်းဝန်းကျင်သာရရှိတယ်လို့ သိရပါတယ်။
ယခင်နှစ်က မျိုးစပါးတတင်း ကျပ် ၂ သောင်း၊ လုပ်အားခ လုပ်သားတယောက် တရက် ၂ သောင်းကျပ်၊ ဓာတ်မြေဩဇာတအိတ် ၁ သိန်း ၂ သောင်း ဝန်းကျင်၊ ဓာတ်ဆီ၊ ဒီဇယ် တဂါလံ ၁သောင်းခွဲ ဝန်းကျင်၊ ပိုးသတ်ဆေးတဘူး ကျပ် ၁ သောင်း ဝန်းကျင်စျေးရှိပြီး လယ်တဧက စိုက်ပျိုးကုန်ကျစားရိတ် ကျပ် ၁၀ သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
ယခုနှစ်မှာတော့ မျိုးစပါးတတင်း ကျပ် ၃ သောင်း၊ လုပ်အားခ လုပ်သားတယောက် တရက် ၂သောင်းခွဲကျပ်၊ ဓာတ်မြေဩဇာတအိတ် အမျိုးအစားပေါ်မူတည်ကာ ကျပ် ၁ သိန်း ၇ သောင်းမှ ၂ သိန်း ၂ သောင်း ဝန်းကျင်၊ ဓာတ်ဆီ၊ ဒီဇယ် တဂါလံ ၂ သောင်းခွဲကျပ်ဝန်းကျင်၊ ပိုးသတ်ဆေးတဘူး ကျပ် ၁ သောင်းခွဲ ဝန်းကျင်အထိ စျေးတက်လာပြီး တဧက ကုန်ကျစရိတ် ၁၅ သိန်းဝန်းကျင်ထိ ကုန်ကျမှုရှိလာတယ်လို့ ဆိုပါတယ်။
မြေလတ်ဒေသအတွင်းမှာ စိုက်ပျိုးတဲ့စပါးမျိုးတွေက ဧရာမင်း၊ မနောသုခ၊ ရက် ၉၀ ရတနာတိုး၊ ဆင်းသုခ စပါးတွေအများဆုံးစိုက်ပျိုးကြပြီး ရာသီဥတု၊ စပါးအစို/အခြောက်၊ အစိုဓာတ်ပါဝင်မှုနဲ့ ဒေသတွင်း သယ်ယူပို့ဆောင်ရေး အခြေအနေတွေအပေါ် မူတည်ပြီး စပါးစျေးနှုန်းဟာ အပြောင်းအလဲရှိတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်း၊ ဇီးကုန်း၊ နဲ့ လက်ပံတန်းတို့မှာတော့ အစောပိုင်းစိုက်ပျိုးတဲ့ မိုးစပါးတွေကို စတင်ရိတ်သိမ်းနေကြပြီဖြစ်ပြီး တင်း ၁၀၀ ပေါက်စျေး သိန်း ၂၀ နဲ့ စတင်အရောင်းဖွင့်ထားတယ်လို့ ဒေသတွင်း လယ်သမားတွေကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ကတော့ မိုးစပါးတင်း ၁၀၀ ကို ကျပ် ၁၀ သိန်း ဝန်းကျင်ခန့်သာ ရခဲ့တဲ့အတွက် တောင်သူလယ်သမားတွေ အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုနှစ် ၂၀၂၆ ခုနှစ်မှာလည်း ရာသီဥတုဖောက်ပြန်မှုနဲ့ မိုးများရေကြီးရေလျှံမှုတွေကြောင့် မြေလတ်ဒေသအတွင်း မိုးစပါးစိုက်ဧကတွေ ပျက်စီးဆုံးရှုံးတာတွေရှိနေပြီး ပျက်စီးဆုံးရှုံးမှုစာရင်းတွေကိုတော့ အသေးစိတ်ထုတ်ပြန်နိုင်တာ မရှိသေးပါဘူး။
အလားတူ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီးက ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာမှာလည်း မိုးစပါးစိုက်ဧက ၁ သောင်းကျော် ပျက်ဆီးဆုံးရှုံးခဲ့ရသလို ၁ လနီးပါးကြာတဲ့အထိ ရေကာတာကျိုးပေါက်မှုကို ပြန်လည်ပြင်ဆင်နိုင်တာမရှိသေးပါဘူး။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ စပါးစိုက်ဧက ၁၇ ဒသမ ၆၂ သန်းခန့် ရှိခဲ့ပြီး ထွက်ရှိတဲ့စပါးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်တွင်းစားသုံးမှုနဲ့ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ရာမှာအသုံးပြုခဲ့ကာ ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကိုတင်ပို့ရောင်းချခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၁,၀၀၀ ကျော်အထိ ရရှိခဲ့တယ်လို့ အာဏာသိမ်းစစ်အစိုးရ သတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။
သတင်း – ကျော်ကြီး၊ သော်တာအောင်၊ စာတည်း – စိုးဦး ၊ တည်းဖြတ် – M