ချောင်းဦးပလဖ ဖမ်းဆီးစစ်ဆေးနေတဲ့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူ

0 1
0 1

◾️ ဖမ်းဆီးခံထားရတဲ့ ၇ ဦးရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်​နေရ

ချောင်းဦး၊ ဩဂုတ် ၂၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျ ကျေးရွာကနေ ပလဖ ရဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကျောင်းထိုင်ဆရာတော်ဟာ ဒဏ်ရာတွေနဲ့ပျံလွန်တော်မူ သွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ပျံလွန်တော်မူသွားတဲ့ ရဟန်းဟာ ကျေးရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ သက်တော် ၅၂ နှစ်၊ ဝါတော် ၃၄ ဝါရှိတဲ့ ဆရာတော် အရှင်ဣန္ဒာစာရ ဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ အလောင်းလာယူဖို့ ပလဖက အကြောင်းကြားလို့ ရွာခံတွေက ပလဖ စခန်းနဲ့နီးစပ်တဲ့ ကြားခံကျေးရွာတရွာကနေ သွားရောက်ယူဆောင်လာကြရတယ်လို့ ဆိုပါတယ်။

“ဒဏ်ရာကတော့ အရှိုးရာတွေကြီးပဲ။ ခြေသလုံးရိုးမှာ မီးနဲ့ထိုးထားတဲ့ဒဏ်ရာတွေ့ရတယ်။ အပူတခုခုနဲ့ထိုးထားတဲ့ဒဏ်ရာ။ ပြီးတော့ ကျောတွေရောတင်ပါးတွေရောနှံ့လို့ပါဗျာ အရှိုးရာတွေ။ ပြီးတော့လက်သန်းထိပ်မှာ အသားမရှိတော့ဘူး။ ရက်ရက်စက်စက်လုပ်တာဗျာ။ “လို့ ရွာခံတဦးက ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ စျာပနကိုတော့ ညနေပိုင်းမှာပင် ရွာခံတွေက ချက်ချင်းပြုလုပ်လိုက်ကြရတာဖြစ်ပြီး ဩဂုတ်လ ၂၄ ရက်နေ့ကတည်းက ပျံလွန်တော်မူတာဖြစ်နိုင်တယ်လို့ ရွာခံတွေက သုံးသပ်ပြောဆိုပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ည ၁၀ နာရီခန့်မှာ ချောင်းဦးမြို့နယ် တော်လှန်ရေးအဖွဲ့ဝင်တွေပါဝင်တဲ့ အင်အား ၃၀ ကျော်လောက်ဟာ လက်နက်တွေနဲ့ ကျေးရွာထဲကို ဝင်လာပြီးနောက် PDF တပ်ဖွဲ့ဝင် ၃ ဦး၊ ဆရာတော် အရှင်ဣန္ဒာစာရ၊ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၃ ဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးတို့ကို ကျေးရွာအတွင်းမှာ ဆရာတော်က ဦးဆောင်ပြီး ပြည်သူစစ်ဖွဲ့စည်းဖို့ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးချိန် PDF ရဲဘော် ၂ ဦးကိုတော့ ညတွင်းချင်းပြန်လွတ်ပေးခဲ့ပြီး နောက်တဦးကိုတော့ ဩဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်းမှာ ပြန်လွတ်ပေးခဲ့ကာ ကျန်လူတွေကိုတော့ ဆက်လက်ဖမ်းဆီးထား ခဲ့ပါတယ်။

အဲဒီနောက် ဩဂုတ်လ ၂၄ ရက်နေ့ညမှ ကျေးရွာထဲကို ပလဖအဖွဲ့တွေထပ်မံရောက်ရှိလာပြီး သက်ကြီးအမျိုးသား ၁ ဦးနဲ့အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦးကိုထပ်မံဖမ်းဆီးသွားသလို ဩဂုတ်လ ၂၅ ရက်နေ့ညမှာလည်း အမျိုးသား ၁ ဦးကို လာရောက်ဖမ်းဆီးကြပေမယ့် အဲဒီအမျိုးသားဟာ ကျေးရွာမှာ မရှိတာကြောင့် အဖမ်းမခံရဘူးလို့ သိရပါတယ်။

ဆရာတော်ပျံလွန်တော်မူသွားတဲ့အတွက် မြို့ နယ်ပလဖက ဆက်လက်ဖမ်းဆီးထားတဲ့ ၇ ဦးရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရသလို ညပိုင်းမှာလည်း ပလဖ အဖွဲ့ဝင်တွေက ကျေးရွာထဲရောက်လာပြီး လူဖမ်းနေတာကြောင့် ရွာခံတွေမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေဖြစ်သလို တော်လှန်ရေးအားကောင်းတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ပျံလွန်တော်မူတဲ့ကိစ္စ၊ ရွာခံတွေဖမ်းဆီးခံထားရပြီး အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အပေါ် NUG တာဝန်ရှိသူတွေအနေနဲ့ တရားမျှတစွာ လုပ်ဆောင်ပေးဖို့ ရွာခံတွေက ဆန္ဒရှိနေကြပါတယ်။

ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ်ပလဖ တာဝန်ခံထံ မြေလတ်အသံသတင်းဌာနက ယနေ့ ဩဂုတ်လ(၂၆) ရက်နေ့ နံနက် (၁၀) နာရီခွဲခန့်က ဖုန်းနဲ့ (၄) ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်တာမရှိသေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။