ဝေါ၊ ဩဂုတ် ၂၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာနဲ့နောင်ပတ္တရာကျေးရွာကြား လမ်းပေါ်မှာ အာဏာသိမ်းစစ်တပ်က ဖမ်းမိတဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦးကို နေရာမှာတင်ပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့မနက် ၈ နာရီကျော်ခန့်က အဲဒီလမ်းပေါ်မှာ စစ်ကောင်စီအဖွဲ့တွေက သတင်းအရ စောင့်ဆိုင်းနေချိန် ဆိုင်ကယ်နဲ့လာသူ အမျိုးသား ၃ ဦးကို ရပ်တန့်စစ်ဆေးပြီးနောက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။
“ဖမ်းခံရတယ် ပြီးမှာ တခါတည်းရှင်းထုတ်လိုက်တယ်လို့တော့ သိရတယ်။ မြဝတီကနေ လာပြီးတော့ ပဲခူးဝင်မယ့် အခြေနေရှိတယ်။ အလောင်းတွေပါ တခါတည်း ရှင်းလိုက်ကြတယ်”လို့ ဝေါစစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပစ်သတ်ခံရသူ PDF တပ်ဖွဲ့ဝင် ၃ ဦးဟာ အသက် ၂၀ ကျော်အရွယ် ၂ ဦးနဲ့ အသက် ၄၀ ကျော်အရွယ် ၁ ဦး စုစုပေါင်းအမျိုးသား ၃ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နဲ့အတူပါလာတဲ့ ဖုန်း၊ ဆိုင်ကယ်တွေအပါအဝင် ဆက်စပ်ပစ္စည်းတွေကိုလည်း စစ်ကောင်စီအဖွဲ့တွေက သိမ်းယူသွားတယ်လို့ သိရပါတယ်။
အလောင်းတွေကိုတော့ စစ်ကောင်စီအဖွဲ့တွေက ဧကရာဇ်ကျေးရွာသုသာန်မှာ တခါတည်း မီးရှို့ပြီး သဂြိုလ်လိုက်ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း ဖမ်းဆီးရမိ သတ်ဖြတ်ရှင်းလင်းလိုက်တဲ့ PDF ၃ ဦးနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးသလို သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်ကလည်း ဩဂုတ်လ ၂၆ ရက်နေ့အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အသတ်ခံလိုက်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိပ်ကိုတော့ မြေလတ်အသံသတင်းဌာနက ဆက်လက်စုံစမ်းမေးမြန်းနေပြီး ထပ်မံဖော်ပြပေးပါမယ်။