ကောလင်း၊ ဩဂုတ် ၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ မိုးများပြီး ချောင်းရေတက်လာလို့ ကျေးရွာ ၁၀၀ ကျော် ရေကြီးနေတယ်လို့ ကော့လင်းခရိုင် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၅ ရက်နေ့က စတင်ပြီး မိုးသည်းထန်စွာရွာသွန်းနေပြီး ဒေါင်းမြူချောင်းနဲ့ လာကာချောင်းတွေက ရေမြင့်တက်လာတာကြောင့် ကော့လင်းမြို့နယ် အနောက်ခြမ်းနဲ့ အရှေခြမ်းကျေးရွာတွေမှာ ရေကြီးတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အဓိက အဆိုးဆုံးက ကောလင်းအနောက်ခြမ်းရွာတွေ ရေကြီးတာများတယ်။ ရေက ၄ ပေလောက်တက်လာတယ်။ နိမ့်တဲ့နေရာတွေဆို ပိုဆိုးတယ်။ လူတွေက အဝေးကြီးရွှေ့ပြောင်းရတာ မရှိဘူး။ ရွာအမြင့်ပိုင်းတွေ ပြောင်းကြရတာ ရှိတယ်။ စစ်ရှောင်တွေဆို အကုန်ရွှေ့ရတာ”လို့ ကောလင်းခရိုင် ပကဖတာဝန်ခံ ကိုမိုးဇော်အောင်က ပြောပါတယ်။
မိုးကလည်း အဆက်မပြတ်ဆက်လက်ရွာသွန်းနေတာကြောင့် ရေကြီးမှု ပိုမိုဖြစ်လာပါက စစ်ဘေးရှောင်တွေကော၊ ရွာခံတွေပါ သွားလာရေးပြတ်တောက်နိုင်ပြီး၊ စားသောက်နေထိုင်ရေးအတွက် အခက်ခဲကြုံလာနိုင်တယ်လို့ ဆိုပါတယ်။

ရေကြီးလာလို့ ကောလင်းအနောက်ခြမ်းကျေးရွာတွေက ကားလမ်းဘေးတွေမှာတဲထိုးနေရတဲ့ စစ်ရှောင်အိမ်ထောင်စု ၁၅၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော်ဟာ တဲအများစု ရေမြုပ်လို့ ပျက်စီးကုန်းပြီး၊ ကျေးရွာတွေရဲ့ အမြင့်ပိုင်းတွေကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေမှာ နေစရာတဲတွေမရှိတော့လို့ အမိုးအကာနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကလည်း ကောလင်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၀ ရေကြီးမှုကြုံတွေ့ခဲ့ရပြီး၊ နေအိမ်ခေါင်မိုးတွေ မြုပ်တဲ့အထိကြုံတွေ့ခဲ့ရကာ လူသေဆုံးတာ၊ ရာနဲ့ချီပြီး နေအိမ်တွေပျက်စီးခဲ့ရသလို ဆန်စပါးအပါအဝင် ကောက်ပဲသီးနှံစိုက်ခင်းများစွာ ပျက်စီးဆုံးရှုံခဲ့ရတယ်လို့ သိရပါတယ်။

