■ နတ်တလင်းမှာလည်း လေယာဥ်နဲ့ဗုံးကြဲသွား
ပေါက်ခေါင်း၊ ဩဂုတ် ၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့သလို နတ်တလင်းမြို့နယ်မှာလည်း လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
သြဂုတ်လ ၅ ရက် မွန်းတည်ချိန်ခန့်က ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နတ်တလင်းမြို့နယ်မှာတော့ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ခေါင်းမြို့နယ်အတွင်း ဒရုန်းနဲ့တိုက်ခိုက်ရာမှာ ပေါင်းတည်ပကဖ က ရဲဘော်တဦး၊ တပ်ရင်း ၃၆၀၁ က ရဲဘော်တဦးနဲ့ တပ်ရင်း ၃၆ဝ၂ က ရဲဘော်တဦး ပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နတ်တလင်းမြို့နယ်က တိုက်ခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“ရဲဘော်တွေက ဆိုင်ကယ်နဲ့ သွားနေတာကို အပေါ်ကနေ ဒရုန်းနဲ့ ဗုံးသီးလိုက်ချတာ၊ ပြီးတော့ နောက်ကနေလိုက်ပစ်လို့ လူလွတ်ရုံး ပြေးခဲ့ရတာ။ စီးလာတဲ့ဆိုင်ကယ်တော့ မယူနိုင်တော့ ဘူးပေါ့” လို့ အခြေနေကို သိရှိသူ ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

နတ်တလင်းမြို့နယ်က ပဲခူးရိုးမပေါ်တနေရာကို ဗုံးကြဲတိုက်ခိုက်တာကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ်ကို မသိရသေးဘူးလို့ နတ်တလင်းဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။
နတ်တလင်းမြို့နယ်အတွင်း လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုဖို့ ကြိုးစားနေပါတယ်။
တချိန်တည်းဆိုသလိုပင် ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းအုပ်စု အင်တိုင်းကုန်းရွာက နေအိမ်တွေပေါ်ကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တနှစ်သားအရွယ်ကလေးငယ်တဦးအပါ ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ အုတ်ဖိုမြို့နယ်က ပဲခူးရိုးမတနေရာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတခုပျက်စီးခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦးလည်း ဒဏ်ရာရခဲ့ပါသေးတယ်။