ကြို့ပင်ကောက်၊ ဩဂုတ် ၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့ကိုင်းကျေးရွာမှာ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီးပြန်လာတဲ့ အမျိုးသား ၃ ဦးကိုစစ်တပ်က သေနတ်နဲ့လိုက်ပစ်လို့ ၁ ဦးသေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ မနက် ၅ နာရီကျော်ခန့်က အသက် ၃၃ နှစ်အရွယ် ကိုပေါက်စ၊ ဦးစန်းမြင့်ပါ ၃ ဦးဟာ ကျေးရွာဘုန်းကြီးကျောင်းကနေ နေအိမ်အပြန် စစ်ကော်မရှင်စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။


“ဘုန်းကြီးကျောင်းမှာ ညညဆို သူတို့ကသွားအိပ်တယ်။ အိမ်မှာ မအိပ်ကြဘူး။ မနက်ကျ ထပြန်ချိန် စစ်ကြောင်းနဲ့တိုးတော့ ပေါ်တာဆွဲတော့ ပြေးကြတာ။ ကိုပေါက်စက ခေါင်းကျည်ထိပြီး သေတယ်။ ဦးစန်းမြင့်က ဖမ်းခံရတယ်။ ဟိုတယောက်ကတော့ ပြေးတော့လွတ်သွားတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဦးခေါင်းကျည်ထိသေဆုံးခဲ့တဲ့ ကိုပေါက်စရဲ အလောင်းကိုတော့ စစ်ကော်မရှင်အဖွဲ့တွေက ကျေးရွာထိပ် ဆည်ဘောင်တံတားဘေးက အုတ်တိုက်အပြာအနီးမှာ မြေမြုပ်သွားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဦးစန်းမြင့်ကိုတော့ စစ်ကော်မရှင်အဖွဲ့က သူတို့အထိုင်ချတပ်စွဲထားတဲ့ မင်းဝနဲ့ ကျခတ္တန်းကြီးကျေးရွာကိုခေါ်သွားပြီး ဩဂုတ်လ ၅ ရက်နေ့အထိ ပြန်မလွှတ်သေးပါဘူး။



ပြီးခဲ့တဲ့ ဇူလိူင်လ ၈ ရက်နေ့ကစတင်ပြီး ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းရဲ့ သတ်ဖြတ်ခြင်းခံရသူ ၄ ဦးအထိ ရှိလာပြီး၊ သေဆုံးသွားသူတွေကတော့ ရုံးချောင်းကျေးရွာက မသီတာမိုး၊ ကျခတ္တန်းကြီးကျေးစွာက ဦးကြည်စိုး၊ မြို့ကိုင်းကျေးရွာက ဦးစိန်ရွှေနဲ့ မနေ့ကမှ ပစ်သတ်ခံလိုက်ရတဲ့ ကိုပေါက်စတို့ဖြစ်ပါတယ်။