မန္တလေး၊ ဇူလိုင် ၂၁၊ ၂၀၂၆။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာတည်ရှိတဲ့ မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတပိဿာကျော် ပါသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ ဆိုင်ကယ် ၃ စီးနဲ့ အမျိုးသား ၆ ဦးပါတဲ့ ဓားပြတွေက ဆိုင်ကိုဝင်စီးပြီး ရွှေတွေကိုယူသွားတာလို့ဆိုပါတယ်။
“သေနတ်အတိုတလက်ပါတယ်။ တချက်ဖောက်ပြီးတော့ ဆိုင်ထဲဝင်လာတယ်။ ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းထားတယ်။ ကောင်တာကိုရိုက်ခွဲပြီး ရွှေတွေယူပြီးချက်ချင်းပြန်ထွက်သွားတာ။ မိနစ်ပိုင်းလေးပဲကြာတယ်။ မြန်တယ်။ ရွှေဆိုင်ကလည်း ကာစတန်မာတွေသိပ်မရှိတဲ့ဆိုင်ဆိုတော့”လို့ ဖြစ်စဥ်ကိုသိတဲ့ မြို့ခံတဦးက ပြောပါတယ်။

ဓားပြတိုက်ခံရလို့ ရွှေဆိုင်အတွင်းက ရွှေလက်ကောက်၊ လက်စွပ်၊ နားကပ်ပုံစံမျိုးစုံ တပိဿာကျော်ပါသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဓားပြတွေက သေနတ်ဒင်နဲ့ထုခဲ့လို့ ဆိုင်ဝန်ထမ်းအမျိုးသား ၁ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ကာ ဓားပြတိုက်ခံရချိန်မှာ ဆိုင်ရှင်အပြင် ဆိုင်ဝန်ထမ်း အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၂ ဦးရှိနေပေမယ့် ပြန်လည်မခုခံနိုင်ပဲ ဓားပြတွေက လွတ်မြောက်သွားပါတယ်။
ရွှေဆိုင်ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့တွေလာရောက်စစ်ဆေးသွားပေမယ့် ဇူလိုင်လ ၂၁ ရက်နေ့အထိ ဓားပြတွေကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။
ဇွန်လ ၂၀ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့၊ စျေးချိုမြောက်ရပ်ကွက်၊ မြို့မစျေးရှိ မြမြင့်မိုရ်ရွှေဆိုင်ပိုင်ရှင် အသက် ၅၇ ဦးဝင်းလွင်ဆိုသူ ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။