⁨တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရလို့ ပခုက္ကူတမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်

0 35
0 35

■ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိ

ပခုက္ကူ၊ ဇူလိုင် ၂၀၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နဲ့ ရေစ​ကြိုမြို့ကြားရှိ ညောင်ပင်ကြီး-ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရလို့ ပခုက္ကူတမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ညနေ ၅ နာရီခန့်မှာ မြို့နဲ့ ၂ မိုင်ကျော်အကွာက တာဝါတိုင်တတိုင် မိုင်းခွဲခံရလို့ လျှပ်စစ်မီးတွေပြတ်တောက်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော်အထိ လျှပ်စစ်မီးမလာသေးဘူးလို့ ဆိုပါတယ်။

“တမြို့လုံးပျက်နေပြီး။ အဲဒီလိုင်းလုပ်လိုက်ပြီဟေ့ဆိုရင် တမြို့လုံးဖြစ်တာ။ ပခုက္ကူလျှပ်စစ်(EPC)ကလည်း ရက်ကြာနိုင်တယ်လို့ တင်ထားတယ်။ ခုမီးပြတ်ပြီးဆိုရင် ရေဒုက္ခရောက်တယ်။ လျှပ်စစ်နဲ့လုပ်ရတဲ့သူတွေအကုန် ဒုက္ခရောက်ပြီး။ အခုထမင်းဟင်းချက်ဖို့တောင် မီးသွေး၊ ထင်းနဲ့ချက်နေရပြီ”လို့ ပခုက္ကူမြို့ခံတဦးက ပြောပါတယ်။

မီးပြတ်တာကြောင့် ဖုန်းအားသွင်းဖို့ မီးစက်နဲ့ ဆိုလာရှိသူနေအိမ်တွေမှာ ဖုန်းတလုံး ၁၀၀၀၊ ရေရဖို့ ရေတစ်ထမ်း(၂ ပုံး)အတွက် ၁၀၀၀ ကျပ်ပေးရသလို မီးသွေးဖိုး၊ ထင်းဖိုးအတွက် အပိုကုန်ကျငွေတွေလည်းရှိလာတယ်လို့ ဆိုပါတယ်။

မိုင်းခွဲခံရတာကြောင့် တာဝါတိုင်အောက်ခြေကနေ ပြိုကျပျက်ဆီးသွားပြီး ပခုက္ကူမြို့နယ်လျှပ်စစ်(EPC)လည်း လတ်တလောမှာ မပြုပြင်နိုင်သေးကြောင်းနဲ့ မီးပြန်ရဖို့ ကြာနိုင်တို့လည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုပါ တာဝါတိုင်မိုင်းခွဲမှုကိုတော့ ဘယ်အဖွဲ့တွေက ဘာကြောင့်ခွဲတယ်ဆိုတာကို ဇူလိုင်လ ၂၀ ရက်နေ့မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ညောင်ပင်ကြီး-ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်တွေ မိုင်းခွဲဖျက်ဆီးခံရတာ ၃ ကြိမ်ထက်မနည်းရှိသလို လေပြင်းတိုက်ခတ်မှုတွေကြောင့် တာဝါတိုင်ပြိုလဲပျက်ဆီးမှုတွေကြောင့် ပခုက္ကူမြို့မှာ လျှပ်စစ်မီးမကြာခဏ ရက်ရှည်လျှပ်စစ်မီး ပြတ်တောက်မှုတွေဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပခုက္ကူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။