ပဲခူး၊ ဇူလိုင် ၁၈၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၈ ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းမှာ လင်မယားချင်းစကားများရန်ဖြစ်ချိန် အမျိုးသားဖြစ်သူက ဓားနဲ့ထိုး ငရုတ်ကျည်ပွေ့နဲ့ထုတာကြောင့် အမျိုးသမီးဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၇ ရက်ညနေ ၅ နာရီခန့်မှာ အသက် ၄၆ နှစ်အရွယ် ဒေါ်နွဲ့နွဲ့စန်းနဲ့ အမျိုးသားဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဦးဇော်မင်းတို့ဟာ နေအိမ်မှာရှိနေချိန် စကားများရန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“လင်မယားချင်းစကားများရင်းနဲ့ ယောက်ျားဘက်က လက်လွန်တာလို့သိရတယ်။ သားသမီးတွေအပြောအရ လင်မယားချင်းက မကြာခဏစကားများတာရှိတယ်။ အဖေလုပ်သူကလည်း အသောက်အစားရှိတယ်။ သိရသလောက်က စကားများတော့ ယောက်ျားက မိန်းမကို ခေါင်းကိုအရင်ထုတယ်။ ပြီးမှ ဓါးနဲ့ထိုးတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေါ်နွဲ့နွဲ့စန်းမှာ ဝဲဘက်ရင်ညွန့်၊ ချိုင်းအောက်မှာ ထိုးသွင်းဒဏ်ရာ၊ နဖူးထိပ်နဲ့ ခါးနောက်ကျောရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးသေဆုံးနေတာကို အလုပ်ကပြန်လာတဲ့သားသမီးတွေက တွေ့မှသိရတာဖြစ်ပြီး အမျိုးသားဖြစ်သူကတော့ နေအိမ်ကနေ ထွက်ပြေးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
နေအိမ်ပြန်လာတဲ့ သားသမီးတွေက မိခင်အလောင်းကိုတွေ့လို့ ပတ်ဝန်းကျင်နဲ့ ရပ်ကွက်တာဝန်ရှိသူတွေကိုအကြောင်းကြားပြီး တာဝန်ရှိသူတွေလာရောက်စစ်ဆေးရာမှာ လူသတ်မှုဖြစ်တဲ့နေရာအနီးကနေ သွေးစွန်းနေတဲ့ဓားနဲ့ ငရုတ်ကျည်ပွေ့တို့ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ အမျိုးသားကိုတော့ ရဲတွေကလိုက်လံရှာဖွေဖမ်းဆီးရာ ည ၈ နာရီခန့်မှာ ရပ်ကွက်ထဲက အသိ ၁ ဦးနေအိမ်မှာ ပုန်းနေချိန်ဖမ်းမိခဲ့ပြီး အမှတ် ၃ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။