⁩ ⁨စစ်ကောင်စီလက်အောက်ခံ မူလွန်ကျောင်းကို Mi-35 နဲ့ ပစ်ခတ်ခဲ့လို့ ၇ တန်း ကျောင်းသား ၁ ဦးသေ ၇ ဦးဒဏ်ရာရ

0 64
0 64

နတ်မောက်၊ ဇူလိုင် ၁၅၊ ၂၀၂၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကံလေးကုန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ အ.မ.က(မူလွန်)စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး Grade 7 ကျောင်းသား ၁ ဦးသေ ဆုံးကာ ကျောင်းသား ၇ နဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ခန့်က စစ်တပ်ပိုင် MI 35 တစီးဟာ စာသင်ကျောင်းဝန်းအတွင်းနဲ့ အနီးအနားကနေအိမ်တွေကို စက်သေနတ်တွေ၊ ရောကတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“စကစက ဖွင့်ထားတဲ့ စာသင်ကျောင်းပါ။ (ထမင်းစားဆင်းချိန်) ကျောင်းမတက်ခင်ကလေးတွေက စာသင်ကျောင်းရှေ့ ကစားနေတာကိုလာပစ်သွားတာ။ Mi-35 က အနိမ့်လေးဝဲပြီးပစ်တာကို။ ကျောင်းမှန်းလည်းသိတယ်။ အဖြူအစိမ်းတွေနဲ့ ကလေးတွေလည်းကစားနေတာ။ ရောကတ်တွေနဲ့ ပစ်တာကို ဒဏ်ရာရတဲ့ကလေးတွေကို ဆရာဆရာမတွေက ကျောင်းဘေးနားကအိမ် ကျောင်းဆရာအိမ်ကို ဝင်ပြေးတာကို ပြန်ပတ်လာပြီးတော့ အဲ့အိမ်ပါပစ်တာ။ ကံကောင်းတာက အိမ်ကိုမထိတာ။ ထိရင်အကုန်သေမှာ”လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်းကတိုက်ခိုက်ခံခဲ့ရသည့် ကံလေးကုန်းမူလတန်းလွန်စာသင်ကျောင်းနှင့် ကျောင်းဝန်းအတွင်း ကစားနေသည့် ကလေးများ (ပုံအဟောင်း) ဓာတ်ပုံ – ကံလေးကုန်းကျေးရွာ Facebook Page

အဆိုပါပစ်ခတ်မှုအတွင်း အသက် ၁၃ နှစ်အရွယ် G 7 ကျောင်းသား မောင်ဖြိုးဝေဦးမှာ နေရာမှာပင် သေဆုံးသွားတာဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၁၀ နှစ်အရွယ် G 3 ကျောင်းသားတွေဖြစ်တဲ့ မောင်သော်ဇင်ဖြိုး၊ မောင်ဇေရဲထက်၊ မောင်စိုင်းမင်းလတ်၊ G 5 ကျောင်းသားဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် မောင်အောင်ပြည်ဇော်၊ မောင်ကောင်းပြည့်ဇော်၊ ကျောင်းပျော်နေနေတဲ့ ၄ နှစ်အရွယ် မောင်နေခန့်ပိုင်၊ KG ကျောင်းသား မောင်ဇင်လင်းကိုနဲ့ အသက် ၄၀ အရွယ် ဒေါ်ညွန့်ဝင်းတို့ ဒဏ်ရာရကာ စာသင်ကျောင်းနဲ့အနီးအနားနေအိမ် ၆ လုံးပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်ဘက်က စာသင်ကျောင်းကို လေကြောင်းကနေ လာရောက်ပစ်ခတ်တာကြောင့် ကလေးတွေမှာ ကျောင်းမတက်ရဲတော့ပဲ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ စာသင်ကျောင်းကိုပိတ်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ သမုန်းကုန်းကျေးရွာမှာ လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅ ဦးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။