၃ လအတွင်း ညောင်ဦးမြို့နယ်ထဲက စီးပွါးရေးလုပ်ငန်းရှင် ၃ ဦး ပြန်ပေးဆွဲခံရ

0 2
0 2

■ အမျိုးသမီး ၁ ဦးသာ လွှတ်ပေးပြီး အသက် ၅၀ ကျော် အမျိုးသမီးနဲ့ အမျိုးသားတို့ ငွေပေးထားသော်လည်း ပြန်မလွှတ်သေး

ညောင်ဦး၊ ဇွန် ၂၉၊ ၂၀၂၆ ။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြေသင်းတွင်းကျေးရွာအုပ်စု၊ လက်ပန်တဲကျေးရွာက ဒေသခံ စီးပွါးရေးလုပ်ငန်ရှင် ၃ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားပြီးနောက် ငွေကျပ်သိန်းရာချီတောင်းခံနေရတယ်လို့ နစ်နာသူတွေနဲ့ နီးစပ်သူတဦးထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က လက်ပန်တဲကျေးရွာနေအိမ်မှာရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ဘိုရီကို လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် ငွေကျပ်သိန်း ၆၀၀ တောင်းခံခဲ့ကာ မိသားစုဝင်တွေက ဇွန်လ ၂၆ ရက်နေ့မှာ ငွေသွားပေးခဲ့ပေမယ့် ပိုက်ဆံကိုသာယူသွားပြီး ဇွန်လ ၂၉ ရက်နေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။

“အခုက (ဖမ်းခံရသူတွေက) စီးပွားရေးသမားတွေများတယ်။ ပိုက်ဆံရှိလို့ လုပ်သွားတဲ့ပုံစံရှိတယ်။ ဖမ်းဖမ်းပြီးပိုက်ဆံတောင်းတာကြီးက မကောင်းဘူး။ အခုက ပြည်သူတွေမို့လို့ပြောရတာ။ ငွေကိုတော့ မိသားစုဝင်တွေက သွားပေးရတယ်။ သူတို့ကသေနတ်နဲ့ထောက် ပိုက်ဆံယူတယ်။ ငွေလာပို့သူကိုတော့ပြန်လွှတ်တယ်” လို့ ဖမ်းဆီးငွေညှစ်ခံရသူတွေနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ဧပြီလ ၁၂ ရက်ည ၁၁ နာရီခန့်မှာ လက်ပန်တဲကျေးရွာနေ အသက် ၅၂ နှစ်အရွယ် လုပ်ငန်းရှင် ဦးသန်းဌေးဦးနဲ့ အသက် ၃၀ နှစ်အရွယ် စျေးရောင်းလုပ်ငန်းလုပ်ကိုင်သူ မသန်းသန်းတို့ ၂ ဦးကို အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၆ ဦးက နေအိမ်တွေကနေ အသီးသီး လာရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးပြီးနောက် ဦးသန်းဌေးဦးရဲ့မိသားစုဝင်တွေက ဧပြီလ ၂၁ ရက်မှာ ဖမ်းဆီးထားတဲ့အဖွဲ့ထံ ငွေကျပ်သိန်း ၅၀၀ ပေးခဲ့ပေမယ့် ယနေ့အထိ ပြန်လည်လွတ်မြောက်မလာသေးသလို ၂ လကျော်အကြာ လက်ရှိမှာ သေဆုံးသွားပြီးလို့လည်း သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။

ဦးသန်းဌေးဦးဟာ NLD အရပ်သားအစိုးရလက်ထက်က လက်ပန်တဲရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ်ကနေ နှုတ်ထွက်ပြီး လက်ပန်တဲရွာနဲ့ညောင်ဦးမြို့ကို လိုင်းကားပြေးဆွဲတဲ့လုပ်ငန်းလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

နောက်ထပ်ဖမ်းဆီးခံရသူ မသန်းသန်းအတွက် ဧပြီလ ၃၀ ရက်မှာ မိသားစုဝင်တွေက ဖမ်းဆီးထားသူတွေထံ ငွေကျပ်သိန်း ၂၀၀ ပေးဆောင်ခဲ့ရပြီး အဲ့ဒီနေ့မှာပဲ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

“သူတို့ကို ဆက်သွယ်တဲ့ဖုန်း (ငွေတောင်းခံချိန်သုံးတဲ့ဖုန်းနံပါတ်)ကို တခြားတဖက်လှည့်နဲ့စုံစမ်းတော့ ဘယ်သူ့ဖုန်းဆိုတာ သိရတယ်။ ပါသွားတဲ့သူ (အဖမ်းခံရသူ) တယောက်ရဲ့ဖုန်းကိုသုံးနေတာ၊ ဘက်တံဆိပ်တွေပါနေတယ်။ သူတို့လည်းစောင့်ကြည့်နေတယ်။ သူတို့ကိုဆက်သွယ်လာတဲ့ဖုန်းတွေကို တယ်လီဂရမ်၊ viber တွေမှာ ပုံတွေပါနေတော့ တဖွဲ့တည်းဆိုတာသိရတယ်”လို့ သူကဆက်ပြောပါတယ်။

လက်ပန်တဲကျေးရွာဟာ ညောင်ဦးမြို့ရဲ့ ရှေ့ဘက် ၇ မိုင်ခန့်မှာတည်ရှိပြီး၊ အဖမ်းခံရသူ ၃ ဦးကို အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့တွေက မနက်ပိုင်းတွေနဲ့ ညပိုင်းတွေမှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးထဲက ဧပြီလ ၃၀ ရက်နေ့က ဖမ်းခံရသူ မသန်းသန်း ၁ ဦးထဲသာလွတ်မြောက်သေးပါတယ်။

လက်ပန်တဲကျေးရွာဟာ ညောင်ဦးမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာတည်ရှိပြီး ကျေးရွာဒေသခံတွေ မကြာခဏဆိုသလို ဖမ်းဆီးငွေညှစ်ခံရတာနဲ့ ခြိမ်းခြောက်မှုတွေကြောင့် ရွာခံတွေကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။

မြေလတ်အသံအနေနဲ့ ဖမ်းဆီးပြန်ပေးဆွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အထက်ပါဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အခြေအနေတွေကို အသေးစိတ်မေးမြန်းနိုင်ဖို့ ညောင်ဦးမြို့နယ်ပကဖတာဝန်ရှိသူထံ မြေလတ်အသံက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်ဖြေဆိုတာမျိုးမရှိသေးပါဘူး။

ညောင်ဦးနယ်တဝိုက်မှာ မကြာခဏဆိုသလို ခရီးသွားတွေ၊ ပုဂံဘုရားဖူးလာသူတွေနဲ့ ဒေသခံလုပ်ငန်းရှင်တွေ ဖမ်းဆီးငွေညှစ်တာတွေရှိနေပေမယ့်၊ ဘယ်အဖွဲ့အစည်းတွေက လုပ်နေတယ်ဆိုတာကို ဖမ်းဆီးငွေညှစ်ခံရသူတွေက ထုတ်ဖော်ပြောကြားကြတာမျိုး မရှိကြပါဘူး။

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။