တပ်ရင်းမှူး ပုလဲမောင် ဈာပနကို ခရိုင်ကွပ်ကဲရေးခေါင်းဆောင်ပိုင်းတွေ တက်ရောက်တာမရှိ

0 92
0 92

■ သေဆုံးမှုအပေါ် သမာသမတ်ကျကျဖြေရှင်းပေးဖို့ ခရိုင်တပ်ရင်းတွေ တောင်းဆို

မြေလတ်အသံ၊ ဇွန် ၂၈၊ ၂၀၂၆။

အစည်းအဝေးပြုလုပ်နေစဥ် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ တပ် ရင်းမှူး ပုလဲမောင်ရဲ့ဈာပနကို လူအနည်းငယ်နဲ့သာပြုလုပ်ခဲ့ရပြီး သတ်ဖြတ်ခံရမှုအပေါ် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကိုပုလဲမောင်ရဲ့ ဈာပနကို ဇွန်လ ၂၇ ရက် ယမန်နေ့က သူ့ဇာတိကျေးရွာမှာပဲပြုလုပ်ခဲ့ပြီး စျာပနကို ယင်းမာပင်ခရိုင်ရဲ့တာဝန်ရှိသူတွေ တဦးမှတက်ရောက်တာမတွေ့ရဘူးလို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်သိရသလောက် သူ့ရဲ့ဈာပနကို သူ့အိမ်မှာပဲ သူ့မိသားစုက လုပ်ချင်တယ်ဆိုပြီးတော့ တပ်ရင်းကို ပြောတဲ့အတွက်ကြောင့် သူ့ရဲ့ရွာမှာပဲ လုပ်ဖြစ်ပါတယ်၊ သူ့ရွာက (စစ်တပ်တပ်စွဲထားတဲ့) မင်းတိုင်ပင်ရွာနဲ့ နီးတဲ့အတွက်ကြောင့် အရမ်းကြီး ကြီးကြီးကျယ်ကျယ်မလုပ်တော့ဘဲနဲ့ လူတွေတော့ အရမ်းမပါဘူးတဲ့။ ကျနော် မနေ့ကလှမ်းမေးတဲ့အချိန်မှာ (ဈာပန)လုပ်တဲ့အချိန်မှာ ရဲဘော် ၁ ယောက် ၂ ယောက်ပါတယ်တဲ့၊ အခြား ဗိုလ်စွမ်းတို့လိုမျိုး တာဝန်ရှိသူတွေ တယောက်မှ မလာပါဘူး”လို့ ပြောပါတယ်။

ဇွန်လ ၂၆ ရက်က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင် ဦးစီးပြီး ပြုလုပ်တဲ့အစည်းအဝေးတခုမှာ တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင် ကို ခရိုင်ကွပ်ရဲ့ကိုယ်ရေးအရာရှိ(PA) ဆိုသူ ငဖြိုးက သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

ပစ်ခတ်မှု ကျူးလွန်တဲ့ ဗိုလ်စွမ်းသူမောင်ရဲ့ PA ငဖြိုးကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင် စစ်ဌာနလက်အောက်က အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ၂၆ ရက် ညမှာ ထုတ်ပြန်ထားပါတယ်။

တပ်ရင်းမှူးသတ်ဖြတ်ခံရတာနဲ့ပတ်သတ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တရားမျှတမှု ရရှိရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေးအတွက် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁ နဲ့ ဗျူဟာအမှတ် ၄၇ တပ်ရင်းတို့က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။