စစ်ကိုင်းတိုင်းက ကျေးရွာ ၃ ရွာ ဗုံးကြဲခံရလို့ နေအိမ် ၁၀ လုံးပျက်စီး

0 0
0 0

စစ်ကိုင်း၊ ဇွန် ၂၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တို့က ကျေးရွာ ၃ ရွာမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးတယ်လို့ သက်ဆိုင်ရာမြို့နယ်ပကဖတွေနဲ့ တိုက်နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဇွန် ၂၆ ရက်မနက် ၅ နာရီကျော်မှာ Y12 လေယာဥ်က ဝက်လက်မြို့နယ်၊ မြင်းသည်ကျေးရွာအနီး တောစပ်ကို ဗုံး ၆ လုံးကြဲချရာ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူဆီက သိရပါတယ်။

အဲဒီနောက်တဆက်တည်းဆိုသလို ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာကို ဗုံး ၄ လုံး ကြဲချရာ ၂ လုံးပေါက်ကွဲခဲ့သလို တက်တူကျေးရွာကို ၆ လုံးကြဲချခဲ့ရာ ၆ လုံးစလုံးပေါက်ကွဲခဲ့တာလို့လည်း ရွာခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြင်သည်ဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်တယ်လို့ သိသိချင်း ဗုံးခိုကျင်းတွေထဲ ဝင်ခိုင်းလိုက်တော့ လူထိခိုက်မရှိလိုက်ဘူး။ အိမ်တွေကြားကိုချတာဆိုတော့ အိမ်ထိခိုက်ပျက်စီးတော့ရှိတယ်။ “လို့ ရွာခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

တက်တူးရွာဗုံးကြဲခံရမှုမှာ နေအိမ် ၈ လုံး၊ ယက္ကန်းစင် ၂ ခု၊ ထော်လာဂျီ ၁ စီးပျက်စီးမှုရှိခဲ့ပြီး ရေတော်မူကျေးရွာမှာတော့ လူနေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲမှုကြောင့် မြင်းသည်နဲ့ရေတော်မူရွာတွေက ပြည်သူတွေက နေရပ်တိမ်းရှောင်တာ မရှိပေမယ့် တက်တူးရွာခံတွေကတော့ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

မေ ၂၇ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာကို စစ်ကော်မရှင်ရဲ့ ဒရုန်းကျရောက်ပေါက်ကွဲပြီး လင်မယား ၂ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။