စစ်ရဟတ်ယာဥ်ပစ်ခတ်ခံရပြီး စစ်တပ်ကစစ်ကြောင်းထိုးတိုက်ခိုက်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

0 38
0 38

ပခုက္ကူ၊ ဇွန် ၂၄၊ ၂၀၂၆။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး Mi-17 ရဟတ်ယာဥ် တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေပါတိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၂၃ ရက်ညနေ ၆ နာရီကျော်ကစတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ အပါအဝင် ပူးပေါင်းတပ်အင်အား ၃၀၀ ကျော်ဟာ ကမ္မမြို့ဘက်ကို စစ်ကြောင်းထိုးလာပြီး တွင်းမရွာနဲ့အနီးဝန်းကျင်ရွာတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“မြေပြင်စစ်ကြောင်းက ဒီမနက် ကမ္မရောက်နေပြီ။ တွင်းမဘက်ထွက်တဲ့ လမ်းအားလုံးကို ဖြန့်ထားတယ်။ ဝေဟင်ကကျတော့ အဲ့နားတပတ်ချာလည်ကြဲနေတာ။ မနေ့ညကဆို သစ်ပလွေကုန်းနဲ့ အနီးအနားတွေကြဲနေတယ်။ မနေ့က ဖြစ်တဲ့နေရာနဲ့ ၇ မိုင်လောက်ဝေးတဲ့နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှု လုပ်နေတာ။ အခုလည်း လိုက်ချနေတုန်း”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သစ်ပုလွေကုန်းရွာကနေအိမ် ၁၀ လုံးနီးပါးပျက်စီးပြီး လူထိခိုက်သေဆုံးမှု ရှိ၊ မရှိဆိုတာကိုတော့ စုံစမ်းလို့မရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ကမ္မမြို့ကဒေသခံတွေအပြင် ပုခုက္ကူနဲ့ မြိုင်မြို့နယ်ရှိ သစ်ပုလွေကုန်း၊ သံဘို၊ မန်ကျည်းသုံးပင်၊ ထနောင်း၊ မန်ကျည်းတန်း၊ အင်းဘတ်၊ ထန်းတပင်ရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူ ၇,၀၀၀ ထက်မနည်းစစ်ရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇွန် ၂၃ ရက်ညနေပိုင်းမှာ မြိုင်မြို့နယ်၊ တွင်းမရွာပျူစောထီးစခန်းကို ရိက္ခာလာပို့ပြီး လူနာတွေ ပြန်သယ်တဲ့ MI 17 ရဟတ်ယာဥ်ကို ပေါက်မြို့နယ်ပကဖအပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ရဟတ်ယာဥ်ထိမှန်ပျက်စီးပြီး စစ်ကော်မရှင်တပ်သားအချို့လည်း သေဆုံးဒဏ်ရာရတာရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။