ဆော၊ စက်တင်ဘာ ၂၅၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ အင်ဘူးကျေးရွာအနီးမှာ စစ်ရှောင်သွားတဲ့ ချင်းလူမျိုး လင်မယားစုံတွဲ ၂ တွဲကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်မှာ မဆာထွီကျေးရွာနေ အသက် ၄၀ ဝန်းကျင်အရွယ် လင်မယားစုံတွဲ ၂ တွဲက သူတို့နေထိုင်ရာ ကျေးရွာကနေ ဆိုင်ကယ်တွေနဲ့ လောင်းရှည်မြို့ပေါ် စစ်ရှောင်လာချိန် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
“ဆိုင်ကယ်က ၃ စီးလာတာ။ ကလေးတွေပါတဲ့ အစီးကို လွှတ်ပေးလိုက်ပြီးတော့ သူတို့ကိုတော့ ဖမ်းထားလိုက်တယ်။ အနည်းဆုံး ၇ ဦးလောက်လာတာ။ သူတို့က ချင်းဘုံလူမျိုးတွေ။ သူတို့က စစ်ကြောင်းရှိမှန်းတောင် မသိဘူးတဲ့။ ရိုးသားတဲ့သူတွေဆိုတော့”လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ချင်းမျိုးနွယ်စုတွေထဲက ချင်းဘုံမျိုးနွယ်စုဝင်တွေဖြစ်ပြီး၊ သူတို့ကို စစ်တပ်တပ်စွဲထားတဲ့ ဆောမြို့နယ်၊ အင်ဘူးကျေးရွာ စာသင်ကျောင်းမှာပဲ ဖမ်းဆီးထားပြီး စက်တင်ဘာလ ၂၅ ရက်နေ့မနက်ပိုင်းအထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
ဆောမြို့နယ်၊ အင်ဘူးကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်လောက်ကတည်းက အင်အား ၁၀၀ ကျော်ပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းရောက်ရှိနေကာ လမ်းသွားလမ်းလာ ခရီးသွား ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အင်ဘူးကျေးရွာအနောက်တောင်ဘက် စလင်းချောင်းအနီး ဖိုးချင်တောင်မှာလည်း စစ်တပ်က အင်အား ၄၀၀ ကျော်နဲ့ တပ်စွဲထားကာ မြေပြင်အခြေအနေကို စောင့်ကြည့်ပြီး တပ်ဖြန့်လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ဆောမြို့နယ်၊ သီကုန်းကျေးရွာ တောစပ်မှာ စစ်တပ်ကြဲချတဲ့ ဒရုန်းဗုံးထိမှန်လို့ စစ်ရှောင်ပြည်သူ ၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။.