ကန့်ဘလူ၊ စက်တင်ဘာ ၂၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ နာရေးနှစ်ပတ်လည်လုပ်နေတဲ့ ဘုန်းကြီးကျောင်းဒရုန်းဗုံးကျပြီး ကျောင်းထိုင်ဆရာတော်အပါ ၂ ဦးဒဏ်ရာရတယ်လို့ ကန့်ဘလူမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
စက်တင်ဘာလ ၂၆ ရက် မနက် ၉ နာရီ မိနစ် ၂၀ ခန့်မှာ ဇီးကုန်းသကြားစက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကနေ ဒရုန်းနဲ့ ဘုန်းကြီးကျောင်းပေါ်ကို ဗုံးတလုံးချခဲ့တာလို့ ဆိုပါတယ်။
“မနှစ်က ရွာကအမျိုးသမီးတယောက် စစ်တပ်ကဖမ်းပြီး သတ်ဖြတ်လိုက်တာရှိတယ်။ အဲဒါကို ဒီနေ့ နှစ်ပတ်လည် ဆွမ်းကျွေး၊ ကုသိုလ်အမျှတမ်းပေးဝေတာ လုပ်နေတာ။ လုပ်နေတာက ကျောင်းမှာလုပ်နေတာကိုး။ ဗုံးက ကျောင်းပေါ်တည့်တည့်ကျတာ”လို့ ကန့်ဘလူမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် သက်တော် ၅၀ အရွယ်ကျောင်းထိုင်ဆရာတော်နဲ့ အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရပြီး ဘုန်းကြီး
ကျောင်းလည်းပျက်စီးမှု ရှိခဲ့ပါတယ်။
ဘုန်းကြီးကျောင်းပေါ် ဗုံးကျရောက်ပေါက်ကွဲတာကြောင့် တရားနာ ရောက်နေသူတွေလည်း ကျောင်းပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က ဗုံးလာကြဲချိန်မှာ ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲ ကျေးရွာဘုန်းကြီးကျောင်းကိုသာ ဦးတည်ပြီး ဗုံးချခဲ့တာလို့ သိရပါတယ်။
ဩဂုတ်လ ၂၀ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ရင်ခတ်ကုန်းကျေးရွာရှိ စတားလင့်သုံးနေတဲ့နေရာနဲ့ ရင်ခပ်ကုန်း၊ သပြေသာကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတပါးအပါအဝင် ၂ ဦးသေပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။