တံတားဦး၊ ဇွန် ၂၄၊ ၂၀၂၆။
မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နိမိတ်ကိုကျူးကျော်တယ်ဆိုကာ နေအိမ်တချို့ကို ဇွန် ၂၅ ရက်နောက်ဆုံးထားပြီး ဖျက်သိမ်းဖို့ စစ်ကော်မရှင်ရဲ့ တံတားဦးမြို့နယ်၊ လမ်းတံတားဌာနက အသိပေးထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တံတားဦးမြို့အရှေ့ဘက်အဝင်ကနေ မြို့လည်မီးပွိုင့်အထိ လမ်းဘေးဝဲယာက နေအိမ် ၁၀၀ နီးပါးကို ဖျက်သိမ်းဖို့ မေ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကာလကြီး နေစရာအခက်အခဲနဲ့ ဘယ်သူမှမဖျက်ကြဘူး။ သူတို့လာထိုးဖျက်တော့လည်း ကဲဖျက်ပေါ့။ ဘယ်တက်နိုင်မလဲ။ ထိုင်ကြည့်ကြရုံပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ ဖျက်ခိုင်းတဲ့နေရာတွေက မြေဈေးကွက်ဟာ တပေကို ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ဈေးပေါက်တယ်လို့ တံတားဦးမြို့ခံတွေဆီက သိရပါတယ်။ ဖျက်သိမ်းရမယ့် နေအိမ်တွေအတွက် မည်သည့်လျော်ကြေးငွေမှ ပေးလျော်သွားမည်မဟုတ်ကြောင်းလည်း အကြောင်းကြားထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။


ဖျက်ခိုင်းတဲ့နေအိမ်တွေဟာ တံတားဦးမြို့အပိုင် ရန်ကုန်-ပြည်-မန္တလေး ကားလမ်းမကြီးဘေးမှာဖြစ်ပြီး ယခင်ကတည်းက ဒီကားလမ်းဟာ ပေ ၁၅၀ ရှိကာ လမ်းရဲ့ဝဲယာဘက် ၇၅ ပေစီနဲ့ မလွတ်တဲ့အိမ်တွေ အကုန်ဖျက်ဖို့အတွက် စာထုတ်ပြန်တာလို့ ဆိုပါတယ်။
လမ်းဦးစီးဌာနထုတ်ပြန်ချက်မှာ နေအိမ်တွေမဖျက်ပါကလမ်းမကြီးဥပေဒေနဲ့ပါ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။