ဝက်လက်၊ ဇွန် ၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာမှာ လက်နက်ကြီးကျပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၃ ရက်ညနေ ၄ နာရီကျော်မှာ လှတောရွာမှာအခြေစိုက်ထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာအပြင်ဘက်ရှိ စားသောက်ဆိုင် ၁ ခုအနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“စကစ စခန်းကနေ ကောင်တာ ပြန်ထုတာလို့တော့ သိရတယ်။ ၁ လုံးတည်း အသံကြားရတယ်။ MK စားသောက်ဆိုင်နားကျတာ။ ရွှေကျင်စျေးတန်းနားပေါ့။ ထိတဲ့သူတွေက ဆိုင်ထဲရှိနေကြတာ။ ကျနော်ရောက်တော့ ထိတဲ့သူတွေကမရှိကြတော့ဘူး။ ဆေးထိုးသွားတဲ့သူ သွားကြတာဆိုတော့”လို့ ဒေသခံတဦးကပြောပါတယ်။
လက်နက်ကြီးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၃၀ ကနေ ၄၀ ကြားအရွယ်ရှိအမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရပြီး နီးစပ်ရာမှာဆေးကုသမှုခံယူနေကြကာ ရွာခံအချို့လည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးမပစ်ခင် တော်လှန်ရေးအဖွဲ့ဝင်တွေက လှတောအခြေစိုက် စစ်ကော်မရှင်အဖွဲ့စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေနေတော့ မသိရဘူးလို့ ဆိုပါတယ်။
မေ ၂၈ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာကိုစစ်ကော်မရှင်ဘက်က အသေခံဒရုန်းနဲ့ ဗုံးချတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးသေဆုံးပြီး နောက်ထပ်အဖွဲ့ဝင် ၁ ဦးနဲ့ပြည်သူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း