အုတ်ဖိုမှာ စစ်ကြောင်းကြောင့် တောင်သူတွေ မိုးစပါးစိုက်ဖို့အခက်တွေ့နေ

0 1
0 1

အုတ်ဖို၊ မေ ၃၀၊ ၂၀၂၆။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေရှိနေတာကြောင့် မိုးစပါးစိုက်ပျိုးမယ့် တောင်သူတွေ အခက်တွေ့နေကြတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီကနေ့မေ ၃၀ ရက်အထိ အင်အား ၃၀၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အုတ်ဖိုမြို့နယ်အတွင်းက ကျေးရွာတွေမှာဆက်ရှိနေတာကြောင့် စစ်ရှောင်နေရသူတွေထဲက မိုးစပါးစိုက်ပျိုးမယ့်တောင်သူတွေ အခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။

“စိုက်ပျိုးရေးကတော့ ခုချိန်မှာတော့ အုတ်ဖိုအရှေ့ပိုင်းပေါ့နော်။ ပြည်သူတော်တော်များများကတော့ ဘာမှစိုက်လို့မရသေးဘူးပေါ့။ လက်ရှိစစ်ကြောင်းလည်းရှိနေတော့ ဘယ်သူမှ ဒီဘက်ကို လှည့်မကြည့်နိုင်ဘူး။” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက‌ မြေလတ်အသံကိုပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ မေ ၂၁ ရက်ကစတင်စစ်ကြောင်းထိုးလာတာကြောင့် အုတ်ဖိုမြို့နယ်ထဲက သရက်တော၊ ထွက်တိုး၊ စံပြ၊ ကိုင်းကြီး၊ ကိုင်းကလေး၊ မအူတန်း၊ ကြို့ကိုးပင်၊ ကျွဲဖြူမ၊ ဂွေးချိုကွင်း၊ ရှားစီးဖိုကျေးရွာအပါ ရွာပေါင်း ၃၀ နီးပါးက ဒေသခံ ၁ ထောင်ကျော် စစ်ရှောင်နေရပြီး စစ်ရှောင်တွေထဲက စပါးစိုက်ခဲ့တဲ့ တောင်သူတချို့လည်း နေရပ်မပြန်နိုင်သေးဘူးလို့ဆိုပါတယ်။

“အခုလောလောဆယ် ဒေသခံပြည်သူတွေအနေနဲ့ကတော့ ဟိုးအရင်ရက်(စစ်ကြောင်းမ၀င်ခင်)က မိုးလေးနည်းနည်းကောင်းတုန်းကတော့ စပါးပေါ့နော်။ စပါးကို သတ္တန်တွေ ကြဲထားတာတွေ့တယ်။ လောလောဆယ် နောက်ထပ်တော့ ဘာမှထူးထူးခြားခြားထပ်ပြီးတော့ လယ်ယာနဲ့ပတ်သက်ပြီး လုပ်တာလည်း မတွေ့ရဘူး”လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့၀င်က ပြောပါတယ်။

အုတ်ဖိုမြို့နယ်အတွင်းကရွာတွေမှာ နှစ်စဥ်မိုးစပါးအတွက် မေလမှာစတင်စပါးကြဲပြီး ဇူလိုင် ပထမပတ်မှာစတင်ကာစိုက်ပျိုးကြလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတွေဟာ နှောကုန်း‌၊ မြောင်၊ မျောက်ချောပင်၊ ရှားစေးဖို၊ ကိုင်းကြီးကျေးရွာတွေမှာ ၁ ရွာကို အင်အား ၇၀ နီးပါးနဲ့ တပ်စွဲထားဆဲဖြစ်သလို တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတာတွေလည်းရှိနေတာကြောင့် စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင်ဘဲ ဆက်လက်တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ၂၉ ရက် ညနေ ၄ နာရီခန့်မှာ ၀င်းသရက်ကျေးရွာထဲကို တိမ်မြုပ်တပ် ခမရ၆ ထဲကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁ လုံးပျက်စီး‌ခဲ့ပြီး ဒေသခံတွေ စစ်ရှောင်နေကြတာကြောင့် လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းဟာ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာမှာရှိတဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း (ခမရ၆) ထဲမှာ မိုညိုမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်တို့က ပြည်သူ့စစ်အဖွဲ့တွေနဲ့ စုဖွဲ့ပြင်ဆင်မှုတွေပြုလုပ်ပြီးနောက် အင်အား ၃၀၀ ကျော်နဲ့ မြို့ရဲ့ ၅ မိုင်၀န်းကျင်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး တိုက်ပွဲတွေတော့မရှိတော့ဘူးလို့ ဆိုပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။