စလင်းမှာ ကောက်တွေ့တဲ့နင်းမိုင်းကိုဖွင့်ကြည့်ချိန် ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးသေဆုံး

0 0
0 0

စလင်း၊ မေ ၃၀၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ ကောက်ရတဲ့ M 14 နင်းမိုင်းကို တံစဥ်နဲ့ဖွင့်ရာမှ မိုင်းပေါက်မှုဖြစ်ပြီး ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

မေ ၂၈ ရက်မနက်ပိုင်းမှာ ထန်းပင်ကုန်းရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ဟာ စမ်းကလေး မြောက်ကျေးရွာအနီးမှာတွေ့တဲ့မိုင်းကို အိမ်ကိုယူဆောင်လာချိန် ဖခင်ဖြစ်သူက ဖွင့်ကြည့်ရာမှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“သူအဖေက တံစဥ်နဲ့ကလော်ဖွင့်လိုက်တာ။ မိုင်းကွဲပြီး မျက်နှာတွေဆို မဲသဲကုန်တာ။ စမ်းကလေးနားက ဓာတ်တိုင်နားက ကောက်လာတာ။ **တွေထောင်ထားတဲ့မိုင်း။ ကျွန်မတို့တောင် ထင်တဲ့နေရာလေး လိုက်လိုက်ဖော်တာ ၅၈ လုံးရထားတယ်။ ကျန်တဲ့ဟာတွေနေမှာ။ “လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦး ကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် ဖခင်ဖြစ်သူမှာလက်နှစ်ဖက်ပြတ်၊ မျက်နှာမိုင်းစမှန်ကာ အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူမှတော့ ခြေထောက်နဲ့လက်တွေမှာမိုင်းစထိတဲ့အပြင် အသက် ၄၅ နှစ်အရွယ် ဦးလေးဖြစ်သူရဲ့ မျက်နှာမိုင်းစမှန်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ပွင့်ဖြူဆေးရုံကိုတင်ပို့ကုသရမှာ အမျိုးသား ၂ ဦးကသေဆုံးခဲ့ပြီး သမီးဖြစ်သူမှာတော့ ဆေးကုသမှုဆက်လက်ခံယူနေကာ ဒဏ်ရာသက်သာတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စလင်းမြို့နယ်၊ မြောင်းဘောင်ကျေးရွာအနီး တောစပ်မှာ မိုင်းထိလို့ လင်မယား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း- လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။