မင်းဘူး၊ မေ ၃၀၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာအနီး မင်းဘူး-အမ်းလမ်းမှာ စစ်ကော်မရှင် ထောက်ပို့ကားကို တိုက်ခိုက်ရာ သေဆုံး၊ ဖမ်းမိသူတွေရှိပြီး ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ CDF-Asho တပ်ဖွဲ့က မေ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မေ ၂၈ ရက်မနက် ၁၀ နာရီ မိနစ် ၂၀ ခန့်မှာ ကျောက်ပန်းတောင်းမြို့နယ်အခြေစိုက် အမှတ် ၁ ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒစခ ၁) လက်အောက်ခံ ဒတရ ၆၀၉ နဲ့ ခမရ ၅၆၆ တို့မှ အင်အား အင်အား ၁၁ ဦးဟာ ပဒါန်းတပ်နယ် အမတ ၄၀၉ ကို ကားနဲ့ခဲယမ်းပို့ထွက်လာချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


“မိုင်းဆွဲတာကတော့ မိုင်းကတော့ပုံစံမျိုးစုံ ခင်းထားတာပေါ့။ ကားကလည်း ၁ စီးပဲဆိုတော့ အဲဒီကားကိုထိအောင်လုပ်နိုင်ခဲ့ပြီးတော့ ကားရပ်သွားတဲ့အချိန် ကားကပုံစံလွဲသွားတဲ့အချိန်မှာ ရန်သူဘက်ကလည်းပုံပျက်သွားတဲ့အချိန်မှာ ဝင်ရောက်ပစ်ခတ်ပြီးတော့မှနယ်မြေရှင်းလင်းရတာမျိုးပါ”လို့ CDF-asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းကပြောပါတယ်။
ပစ်ခတ်တဲ့နေရာဟာ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၈၈၊ ပဒါန်း အမတ ၄၀၉ တပ်နဲ့ နီးကပ်တာကြောင့် လက်နက်ခဲယမ်းအားလုံးမသိမ်းဆည်းနိုင်ဘဲ အနည်းငယ်သာယူဆောင်ပြီး ကျန်တာကို မီးရှို့ဖျက်ဆီးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ကားပေါ်မှာ ၁၂၂ မမ၊ MLRS ဒုံး ၂၀ ကျော်၊ လက်နက်ကြီး ကျည်အများအပြားပါဝင်ပြီး အဲဒီထဲကမှ MLRS ဒုံး ၈ လုံးနဲ့လက်နက်ကြီး၊ လက်နက်ငယ် ၆ လက်အပါအဝင် ခဲယမ်း အချို့ကိုသာယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း တပ်ကြီးကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး တပ်ကြပ် ၁ ဦးအပါအဝင် ၃ ဦးကိုအရှင်ဖမ်းမိခဲ့ပြီး ၂ ဦးကတော့ လွတ်သွားတယ်လို့ ဆလိုင်းရိုးချင်းကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho)၊ လူ့ဘောင်သစ်တပ်မတော် – NSA နဲ့ မင်းဘူး-စကု မြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း – လင်း