NUG လက်အောက်ကို SRF ဝင်ရောက်မယ့်အချက်အပါ အချက် ၃ ချက်နဲ့ ပြေလည်မှုရ

0 12
0 12

မင်းကင်း၊ မေ ၂၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်တပ်ဖွဲ့တွေနဲ့ ကျောင်းသားတော်လှန်ရေးတပ်-SRF တပ်ဖွဲ့တွေအကြား သဘောတူညီမှု ရရှိပြီလို့ နှစ်ဖက်အဖွဲ့တွေက ဒီကနေ့ မေလ ၂၉ ရက်မှာ ပူးတွဲထုတ်ပြန်လာပါတယ်။

မေလ ၂၈ ရက်က မင်းကင်းမြို့နယ်တနေရာမှာ တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ပြီး အဲ့ဒီတွေ့ဆုံညှိနှိုင်းမှုကို မင်းကင်းမြို့နယ် ပအဖ၊ ပကဖနဲ့ ကလေးခရိုင်တပ်ရင်းတွေက တာဝန်ရှိသူတွေ၊ SRF ဥက္ကဌ ကိုစံတင်ထွန်းနဲ့ ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာနတာဝန်ခံတို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးညှိနှိုင်းမှုမှာ ပြစ်မှုကျူးလွန်ထားတာမရှိတဲ့ ဖမ်းဆီးခံ SRF တပ်ဖွဲ့ဝင်တွေကို မင်းကင်း ပသုံးလုံးက ပြန်လွှတ်ပေးဖို့၊ အမှုဖွင့်တိုင်ကြားခံထားရတဲ့ SRF အဖွဲ့ဝင်တွေကို NUGရဲ့ ဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့၊ ပြစ်မှုကျူးလွန်ထားတာမရှိတဲ့ SRF အဖွဲ့ဝင်တွေအနေနဲ့ NUG လက်အောက်မှာ တော်လှန်ရေးဆက်လုပ်ဖို့ဆိုတဲ့ အချက် ၃ချက် ပါဝင်ပါတယ်။

နှစ်ဖက်အဖွဲ့ ပူးတွဲထုတ်ပြန်ချက်မှာ မင်းကင်းမြို့နယ် ပသုံးလုံးက SRF တပ်ကို ဖြိုခွဲခြင်းမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ယမန်နေ့ မေလ ၂၈ ရက်မှာ မင်းကင်းမြို့နယ်အတွင်း NUG တပ်တွေအနေနဲ့ SRF တပ်ဖွဲ့ဝင်တွေအပေါ် အင်အားသုံးဖြိုခွင်းဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး SRF ဆက်လက်အင်အားသုံးဖွဲ့စည်းတာတွေ မပြုလုပ်ဘဲ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးဖို့ တော်လှန်ရေးအဖွဲ့အစည်း ၁၆ ခုက ပူးတွဲထုတ်ပြန်တောင်းဆိုခဲ့တာပါ။

အဲ့ဒီလို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့တိုက်တွန်းထုတ်ပြန်ချက်တွေ ပေါ်ထွက်လာပြီးတဲ့နောက် နှစ်ဖက်တပ်ဖွဲ့တွေအကြား အခုလို အချက် ၃ ချက်နဲ့သဘောတူချက်ရရှိခဲ့တာပါ။

လက်ရှိမှာ SRF တပ်တော်အနေနဲ့လည်း NUG အစိုးရကို အသိအမှတ်ပြု လက်ခံထားပြီး မင်းကင်းမြို့နယ်တွင်း တော်လှန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။