■ ပစ်ခတ်မှုအတွင်း ပြည်သူ ၁ ဦးသေဆုံးပြီး ဝန်ချတောင်းပန်ကြောင်း Southern Yesagyo ဆို
ရေစကြို၊ မေ ၂၊ ၂၀၂၆။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်အိုကျေးရွာ ပခုက္ကူ-ရေစကြိုလမ်းပေါ်မှာ ကြားဖြတ်တိုက်ခံရလို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ပစ်ခတ်မှုအတွင်း ပြည်သူ ၁ ဦးပါသေဆုံးခဲ့တယ်လို့ မေလ ၂ ရက်မှာ Southern Yesagyo တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၃၀ ရက်မနက် ၁၁ နာရီ ၂၅ မိနစ်ခန့်မှာ တောင်အိုစစ်ဆေးရေးဂိတ်နဲ့ မီတာ ၄၀၀ ခန့်အကွာရှိ ဘုန်းကြီးကျောင်းကနေ ပြန်လာတဲ့စစ်ကော်မရှင်တပ်သားနဲ့ရဲအင်အား ၇ ဦးကို အလစ်အငိုက် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“ကဆုန်လပြည့်နေ့ပေါ့။ ဘုန်ကြီးကျောင်းမှာ ဝေယျာဝစ္စလှူဒါန်းပြီး တရားနာပြန်လာတဲ့အချိန် ကျနော်တို့ကစောင့်နေတဲ့အချိန်နဲ့ ပက်ပင်းတိုးတာ။ ပါလာတဲ့ ၇ ကောင်က ၇ ကောင်လုံး လျှောသွားတယ်။ “လို့ Southern Yesagyo တပ်ပေါင်းစုတာဝန်ခံ ကိုအောင်မောင်းကပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ သေနတ် ၅ လက်၊ ကျည်ဘောက် ၆ ခု၊ ဖုန်း ၄ လုံး၊ ခါးပတ် ၂ ချောင်း၊ ဓား ၁ ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း ပြည်သူ ၁ ဦးလည်းသေဆုံးခဲ့ပြီး ဒီသေဆုံးမှုအတွက် တာဝန်ယူသွားမယ်လို့ Southern Yesagyo တပ်ပေါင်းစုတာဝန်ခံ ကိုအောင်မောင်းကပြောပါတယ်။
“ရှေ့ဆုံးလူက ၁၀ တောင်လောက်ကွာတဲ့အနေထားမှာ ကျနော်တို့ကိုလည်းမြင်ပြီး ကျနော်တို့လည်း ခေါင်းထောင်ပစ်ပြီ။ ရှေ့ဆုံးကောင်က နောက်ပြန်ပြေးပြီး ကျနော်တို့ကိုပြန်ပစ်ပြီ။ အဲ့အချိန်မှာ ကျနော်တို့လည်း ပြန်မပစ်လို့မရတော့ဘူးလေ။ ပစ်လိုက်တဲ့အခါမှာ ပြည်သူက စက်ဘီးလေးနဲ့ ပါလာတာ။ ပစ်သံကြားပြီးနောက်ပြန်ဆုတ်တယ်ဆို လွတ်နိုင်သေးတယ်။ ပစ်ခတ်သံကြားပြီး နောက်ပြန်မဆုတ်ဘဲနဲ့ ကျော်ပြီးအတက် အဲ့အချိန်ပစ်ခတ်မှုတွေနဲ့ ဗလုံးရှုပ်ထွေးဖြစ်ကုန်တာ”လို့ ကိုအောင်မောင်းက ဆက်ပြောပါတယ်။
ပြည်သူသေဆုံးမှုအတွက် အထူးဝမ်းနည်ကြေကွဲကြောင်းနဲ့ မိသားစုကို ဝန်ချတောင်းပန်ကြောင်း Southern Yesagyo တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း