အလင်းဝင်တယ်ဆိုသူတွေထဲ စစ်တပ်သတင်းပေး၊ Non-CDM နဲ့ ဘက်ပြောင်း PDF တွေရဲ့ဆွေမျိုးတွေ ပါနေတယ်လို့ဆို

0 33
0 33

မန္တလေး၊ ဧပြီ ၂၄၊ ၂၀၂၆။

စစ်ကော်မရှင်တပ်ဆီ အလင်းဝင်လာတယ်ဆိုသူတွေထဲ စစ်တပ်လက်အောက် တပ်သတင်းပေး၊ Non-CDM ဝန်ထမ်းတချို့နဲ့ PDF တွေရဲ့ ဆွေမျိုးမိသားစုဝင်တွေပါ PDF ယူနီဖောင်းဝတ်တွေနဲ့ပါဝင်လာတယ်လို့ စဥ်ကူးနဲ့မတ္တရာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဧပြီ ၂၄ ရက်မနက်ပိုင်းမှာ မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှာ အလင်းဝင်လာတဲ့ PDF ၅၀၀ ကျော်ကို မိဘတွေဆီပြန်လည်လွှဲပြောင်းတဲ့ အခမ်းအနားပြုလုပ်ခဲ့တယ်ဆိုကာ စစ်တပ်ထောက်တိုင် မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေပြီး မှတ်တမ်းတွေအရ PDF ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်းဝတ်လူငယ်အများအပြားကို တွေ့ရပါတယ်။

အဲ့ဒီ PDF ပြောက်ကျားယူနီဖောင်းဝတ်ထားသူတွေထဲမှာ မတ္တရာမြို့က စစ်တပ်သတင်းပေးတချို့နဲ့ Non- CDM ဆည်မြောင်းဝန်ထမ်းတချို့ပါဝင်နေတယ်လို့ ၎င်းတို့ကို သိရှိသူ မတ္တရာမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“အဲ့ဒီအထဲက စဉ့်ကူး PDF ဆိုပြီး ဆိုင်းဘုတ်တပ်ထားတဲ့ ဓာတ်ပုံမှာ မန္တလေး PDF(MDY-PDF)ဆိုတဲ့ ယူနီဖောင်းဝတ်ထားတဲ့လူဟာ မန္တလေးတိုင်းက (စစ်တပ်) တပ်ရင်းတခုနဲ့ ရောနှောနေထိုင်ခဲ့သူ စစ်သတင်းပေးတယောက်ဖြစ်ပြီး ဖေဖော်ဝါရီလကအထိ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်မှာ နေထိုင်ခဲ့တယ် “လို့ သူက ပြောပါတယ်။

မတ္တရာကနေအလင်းဝင်လာတယ်ဆိုသူတွေမှာ ယခင် PDF တပ်ဖွဲ့ဝင်ဟောင်းတွေ ပါဝင်တာမှန်ပေမယ့် စစ်ကော်မရှင်လက်အောက် Non-CDM တွေကို ထည့်သွင်းထားတာပိုများနေတယ်လို့ အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

PDF အလင်းဝင်ပွဲအခမ်းအနားမလုပ်ဆောင်မီ ဧပြီ ၁၉ ရက်က မတ္တရာမြောက်ခြမ်း၊ ဆည်တော်ကြီး လမ်းခွဲအနီးက ဥက္ကံ၊ ပွဲစားကုန်း၊ ရှမ်းသမီးလမ်းစုံ၊ ညောင်အုပ်၊ စစ်ကုန်းရွာနဲ့စကျင်ရွာတွေကနေ စစ်ကော်မရှင်တပ်နဲ့ပူးပေါင်းသွားသူ PDF တပ်ဖွဲ့ဝင်တွေရဲ့ဆွေမျိုးမိသားစုတွေကို နန်းတွင်း၊ လပခ ကနေ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဘက်ပြောင်း PDF တွေရဲ့မိသားစုဝင်တွေကို ၎င်းတို့ဝတ်ဆင်ဖို့ PDF ဝတ်စုံဝယ်ယူရန်ဆိုကာ တဦးကို ငွေ ၅ သောင်းကျပ်တောင်းခံခဲ့ကြောင်း ဖြစ်စဥ်ကိုသိရှိထားတဲ့ မတ္တရာမြို့ခံတဦးက ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဝင်တွေကလည်း အလင်းဝင်တာမှာ PLA တပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့ ရေးသားဖော်ပြနေမှုတွေကို မဟုတ်မှန်ကြောင်း လူမှုကွန်ယက်ကနေတဆင့် ငြင်းဆိုရေးသားထားကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် PDF တပ်ရင်းမှူးတဦးကတော့ အခုလအတွင်း စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ စစ်ကိုင်းမြို့နယ်အတွင်းက PDF တချို့ရှိပေမယ့် စစ်တပ်ကအခုဖော်ပြတဲ့ အရေအတွက် ၅၀၀ ကျော်တော့ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

သမ္မတရာထူးယူထားသူ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကနေ ဇူလိုင်လကုန်အထိ ရက် ၁၀၀ အတွင်း PDF တွေလက်နက်ချဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုကာ ပြောဆိုထားပြီး အဲ့ဒီလို ပြောဆိုပြီးရက်ပိုင်းအတွင်းမှာပဲ အခုလို PDF ၅၀၀ ကျော် အလင်းဝင်တယ်ဆိုကာ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။