ပုလဲမှာ စစ်ကျန်ဗုံးသီးကို ပြန်သုံးဖို့ နေအိမ်ယူလာရာက ပေါက်ကွဲပြီး သားအဖ ၂ ဦး သေဆုံး

0 21
0 21

ပုလဲ၊ ဧပြီ ၂၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မဲဇရပ်ရွာမှာ စစ်လက်ကျန်ဗုံးသီးကို ပြန်လည်အသုံးပြုဖို့ နေအိမ်ကိုယူလာရာက ပေါက်ကွဲမှုဖြစ်ပြီး သားအဖ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၃ ရက် ယမန်နေ့ နေ့လယ်ပိုင်းက မဲဇရပ်ရွာနေအမျိုးသား ၁ ဦးဟာ လယ်ကွက်အတွင်းတွေ့ရှိတဲ့ မပေါက်ကွဲသေးတဲ့ ၄၀ မမဗုံးသီး ၁ လုံးကို ၎င်းနေထိုင်ရာ နေအိမ်ကိုယူဆောင်လာရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။

“ သူတို့က ရွာအပြင်တဲထဲနေကြတာ၊ တောတဲနေတာဗျ၊ စစ်ရှောင်ရင်းပေါ့။ လယ်ထဲသွားရာက ကောက်ခဲ့တာတဲ့၊ ဓားလက်ကိုင်ရိုး လုပ်မယ်ဆိုပြီး ဗုံးသီးကို မြေကြီးနဲ့ဆောင့်တာ” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ကျေးရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူအမျိုးသားမှာ ခြေ ၂ ဖက်ပြတ်တောက်ဒဏ်ရာ၊ သားဖြစ်သူမှာ ဆီးခုံထိမှန်ဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မဲဇရပ်ရွာ လယ်ကွက်တွေဟာ ကန့်ဒေါင့်ရွာနဲ့ ကပ်လျက်တည်ရှိတာဖြစ်ပြီး အဲ့ဒီ ၄၀ မမ ဗုံးသီးဟာ ကန့်ဒေါင့်ရွာအနီးပြင်းထန်ခဲ့တဲ့တိုက်ပွဲတွေကနေ မပေါက်ကွဲသေးဘဲကျန်နေတဲ့ ဗုံးသီးဖြစ်နိုင်တယ်လို့ ပုလဲဒေသခံတွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လဆန်းပိုင်းမှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသတော်လှန်ရေးပူးပေါင်းတပ်တွေအကြား ကန့်ဒေါင့်ရွာနဲ့အနီးတဝိုက်ရွာတွေအထိ ရက်အတန်ကြာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (Unicef Myanmar) ရဲ့ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေနိုင်သောစစ် လက်နက်ပစ္စည်းများအပေါ် စောင့်ကြည့်ဖော်ပြခဲ့တဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေနိုင်သောစစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်ရပ် ၅၁၀ ခု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၇၄၅ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ စိဇွဲကျေးရွာက အမျိုးသမီး ၁ ဦး မန်ကျည်းရွက်ခူးရာက မိုင်းထိပြီး ခြေထောက်ပြတ်ခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။