နတ်မောက်မှာ မသန်စွမ်းညီအကို ၂ ဦးကို စစ်တပ်သတ်ဖြတ်မီးရှို့

0 1
0 1

နတ်မောက်၊ ဧပြီ ၂၄၊ ၂၀၂၆။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျီးကန်ကျေးရွာကိုဝင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းက ဒေသခံညီအကို ၂ ဦးကိုပစ်သတ်ကာ နေအိမ် ၄ လုံးကိုမီးရှို့သွားတယ်လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

ဧပြီ ၂၂ ရက်မနက် ၉ နာရီခန့်မှာ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းက ကျီးကန်ကျေးရွာကိုဝင်လာချိန် အသက် ၄၀ အရွယ် ကိုဟန်မြင့်နဲ့ အသက် ၃၈ နှစ်အရွယ် ကိုဝင်းမြင့်တို့ကိုပစ်သတ်ပြီး အလောင်းတွေကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆီက ယာခင်းတွေမှာအိမ်ဆောက်ပြီး တဲတိုက်မှာနေကြတာ။ ၁ ယောက်ကနားမကြားဘူး။ ၁ ယောက်က စကားမပြောတတ်ဘူး။ သူတို့လမ်းပေါ်နွားကျောင်းနေချိန် စစ်ကြောင်းနဲ့တိုးပြီး ခေါင်းကိုပစ်သတ်ပြီး မီးရှို့သွားတာ”လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် အဆိုပါစစ်ကြောင်းဟာ ရွာထဲကနေအိမ် ၄ လုံးကိုလည်းမီးရှို့ခဲ့ပြီးနောက် ကန်ဦးကုန်းကျေးရွာကိုဆက်သွားကာ အဲ့ဒီကတဆင့် ကန်လေးကုန်းရွာကိုဝင်ရောက်ပြီး ဧပြီ ၂၄ ရက် ဒီနေ့အထိအဲ့ဒီရွာမှာနေထိုင်နေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာတာကြောင့် ကန်ဦးကုန်း၊ ကျီးကန်၊ ကန်လေးကုန်းရွာအပါအဝင် ကျေးရွာ ၅ ရွာကပြည်သူ ၁,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကလည်း နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာမှာ ကျေးရွာထဲဝင်လာတဲ့ စစ်ကြောင်းက သတ်ဖြတ်မီးရှို့လို့ သားအဖ ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။