ကျားဖြန့်အမှုနဲ့ဖမ်းခံရတယ်လို့ သတင်းထွက်ခဲ့တဲ့ ရဲချုပ် ဝင်းဇော်မိုး အဂတိတိုက်ဖျက်ရေးအဖွဲ့ဝင်ဖြစ်လာ

0 5
0 5

■ ကစထ ၄ မှူး ဗိုလ်ချုပ် စိုးလှိုင် ကို ရဲချုပ်အသစ်ခန့်

မြေလတ်အသံ၊ ဧပြီ ၁၁၊ ၂၀၂၆။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် အသစ်ဖွဲ့စည်းတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ကို ဦးဝင်းဇော်မိုး ဆိုကာ အဖွဲ့ ဝင်အဖြစ် ထည့်သွင်းခန့်အပ်လိုက်ပါတယ်။

ရဲချုပ်ဟောင်း ဝင်းဇော်မိုး ဟာ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ဒုတိုင်းမှူး ဗိုလ်မှူး ချုပ်အဆင့်ကနေ ရဲတပ်ဖွဲ့ကို အသွင်ပြောင်းနဲ့ ရဲချုပ်ဖြစ်လာခဲ့တာဖြစ်ပြီး လာဘ်ပေးလာဘ်ယူတာနဲ့ လက်အောက်ငယ်သားတွေအပေါ် ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူပါ။

ပြီးခဲ့တဲ့မတ်လဆန်းပိုင်းက ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ကျားဖြန့်လုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်ဆိုကာ ဖမ်းဆီးခံရကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီလို သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ရက်ပိုင်းအကြာမှာပဲ လွှတ်တော်အစည်းအဝေးများကျင်းပရေးကော်မတီအစည်းအဝေးမှာ ရဲချုပ်ရာထူးနဲ့ပဲ တက်ရောက်ပြီး လူလုံးထွက်ပြခဲ့ပါတယ်။

ရဲချုပ်ဟောင်း ဝင်းဇော်မိုး ဟာ စစ်တက္ကသိုလ်အပတ်စဥ် ၃၅ ဆင်း စစ်ဗိုလ်ချုပ်ဖြစ်ပြီး ၂၀၂၄ ဩဂုတ်လဆန်းမှာ ဒုတိုင်းမှူး ကနေ ရဲချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အသစ်ဖွဲ့စည်းခဲ့တဲ့ စစ်ယူနီဖောင်းချွတ်အစိုးရလက်အောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ ရဲချုပ်ဟောင်းအပြင် ယခင်ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်ဟောင်း တိုးရီလည်း အဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်လာတာကို တွေ့ရပါတယ်။

လစ်လပ်သွားတဲ့ ရဲချုပ်ရာထူးအတွက် ကျိုင်းတုံအခြေစိုက် တြိဂံဒေသစစ်တိုင်းမှူးဟောင်းဖြစ်တဲ့ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ ၄)မှူး ဗိုလ်ချုပ် စိုးလှိုင် ကိုခန့်အပ်လိုက်ပါတယ်။

ဗိုလ်ချုပ် စိုးလှိုင် ဟာ ယခင် ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ပြည်ထဲရေးဝန်ကြီး ဖြစ်လာတာကြောင့် လစ်လပ်နေတဲ့ ကစထ ၄ မှူးအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ရက်ပိုင်းအတွင်းမှာပဲ ရဲချုပ်နေရာကို ပြောင်းရွှေ့ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကစထ ၄ မှူးအဖြစ် မော်လမြိုင်အခြေစိုက်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင် ရောက်ရှိလာတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။