အရာတော်၊ ဧပြီ ၁၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က ဧပြီ ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ခိုက်မှုတွေကြောင့် သံဃာ ၂ ပါးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့ပြီး သာသနိကအဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ ကွမ်းခြံ စတာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအပြင် အသေခံဒရုန်းတွေနဲ့ပါ အသုံးပြု တိုက်ခိုက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ဖက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက ခပ်စိပ်စိပ်တွေ ပြုလုပ်လာတယ်။ အခုရက်ပိုင်းမှာ ဆိုရင်လည်း Scout Drone (ကင်းထောက်ဒရုန်း) တွေဝဲတယ်၊ ဝဲပြီးရင် သိပ်မကြာဘူးဗျာ၊ Fighter တွေ၊ Kamikaze ခေါ်တဲ့ Sucide Drone (အသေခံဒရုန်း) တွေနဲ့ အမြဲတမ်း လေကြောင်းတိုက်ခိုက်မှု လုပ်တယ်။” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဧပြီ ၈ ရက်က အရာတော်မြို့နယ်၊ ကမ်းပြူရွာ ဘုန်းကြီးကျောင်း ၃ ကျောင်းကို အသေခံဒရုန်း ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဧပြီ ၉ ရက် ညမှာတော့ မလဲသာရွာနဲ့အနီးက စစ်ဘေးရှောင် ယာတဲတွေမှာ အသေခံဒရုန်း ၃ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧပြီ ၁၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာလည်း တိုက်လေယာဉ် ၂ စင်းနဲ့ မလဲသာရွာအနီးကို ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး လည်ပင်းနဲ့ တင်ပါးမှာ ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

၂၀၂၁ ကနေ ၂၀၂၅ခုနှစ် အတွင်း စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အိမ်ခြေပေါင်း ၈၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတဲ့ အရာတော်မြို့နယ်၊ မလဲသာရွာက စစ်ဘေးရှောင်တွေကတော့ ခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆေးဝါးကုသမှုအခက်အခဲတွေ အပြင် စိတ်မလုံခြုံမှုနဲ့ အကြောက်တရားကိုပါ ရင်ဆိုင်နေရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေ များတော့ ကျန်းမာရေးကုသမှု အလုံအလောက် မရတာတွေ ဖြစ်တယ်၊ တောထဲမှာ နေရတဲ့ ပြည်သူတွေလည်း အဆင်မပြေဘူးဗျ၊ အန္တရာယ်ကို အမြဲတမ်း ထိတ်လန့်နေရတယ်ဗျာ၊ သက်ကြီးရွယ်အိုတွေက အစ ကတုတ်ကျင်းထဲက မထွက်ရလောက်အောင်ထိကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်တယ်ဗျ၊ အခုရက်ပိုင်းတွေမှာတော့လေ။” လို့ မလဲသာရွာခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က ဧပြီ ၁ ရက်ကစလို့ အရာတော်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ဝက်လက်မြို့နယ်၊ ဘုတလင်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း