နတ်တလင်း၊ ဧပြီ ၁၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲခံတာကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် ၄၀ နီးပါး မီးလောင်ခဲ့တယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၉ ရက်မနက် ၁၁ နာရီခန့်မှာ မကျီးပင်ကျေးရွာကို စက်တပ်လေထီးနဲ့ဗုံး ၂ လုံး၊ ညနေ ၅ နာရီခန့်မှာ ကျောက်ခွက်ကျေးရွာထဲကို စက်တပ်လေထီးနဲ့ဗုံး ၂ လုံး၊ ညနေ ၅ နာရီခန့်မှာပဲ ကျောက်ခွက်ကျေးရွာနဲ့ ကျွန်းလေးပင်ရွာတို့ကို ဒရုန်းနဲ့ဗုံးအလုံးရေ ၁၅ လုံးထက်မနည်း၊ ည ၁၁ နာရီခန့်မှာ မကျီးပင်ကျေးရွာစက်လှေဂိတ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၁ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။
“ပါရာမိုတာလည်း ခေါက်တုံခေါက်ပြန်ပဲ။ ဒရုန်းကလည်း အလုံးရေတောင်မရေနိုင်ဘူး။ အဲဒီအသီးတွေကျပြီး သုံးလေးအိမ် လေးငါးအိမ် အဲ့လိုတွေမီးလောင်တာ။ ဂျက်ဖိုက်တာနဲ့ချတဲ့ ပထမညမှာ သေတာရှိတယ်။ ညကတော့မထိဘူး။ သွားလိုက်လာလိုက် ချနေတော့တာ “လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း မကျီးပင်ကျေးရွာက အသက် ၃၀ ဝန်းကျင်အရွယ် ကိုထွန်းထွန်းဦးနဲ့ ကျွန်းကလေးကျေးရွာက ကိုလပြည်ဝန်းတို့သေဆုံးခဲ့သလို ကျောက်ခွက်ကျေးရွာနေ အသက် ၆၀ ကျော်အရွယ် အဖိုးအဖွား ၂ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင်ကျောက်ခွက်ကျေးရွာက အိမ်ခြေ ၂၀ ကျော်နဲ့ ကျွန်းလေးပင်းကျေးရွာက အိမ်ခြေ ၂၀ ခန့်မီးလောင်ပျက်စီးထားတယ်လို့လည်း ဆိုပါတယ်။
ဧပြီ ၅ ရက်ကစလို့ နတ်တလင်းကစစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနဲ့ ဇီးကုန်း၊ ပေါင်းတည်မြို့နယ်ဘက်ကဝင်လာတဲ့ အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းဟာ ဧပြီ ၁၁ ရက်မှာ ကျောက်ဆွယ်၊ ကျောက်ခွက်၊ ရှားစေးဖိုရွာတွေမှာ ရောက်ရှိနေပြီး အင်အားဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်လာနေတာကြောင့် ကန်သာယာ၊ ပဲမခမ်း၊ ညောင်ဝိုင်း၊ စံကြီးလောင့်၊ ကျောက်စွယ်၊ ကျောက်ခွက်၊ သရက်ပုဂံရိုး၊ ကျွန်းလေပင်၊ ဆည်းကန်၊ ထန်းတော၊ အိုးဖိုကုန်း ၊ ရေနံကုန်း၊ လယ်မအင်း၊ ဘန့်ဘွေးကုန်း၊ ရှားစေးဖို၊ ချောင်းကမ်းကြီး၊ သာယာကုန်း ၊ ညောင်ဝိုင်းကျေးရွာရှိ ပြည်သူ ၁၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရပါတယ်။
ဧပြီ ၆ ရက်ကလည်း ပဲမခမ်းကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းကဒရုန်းနဲ့ဗုံးချလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း