ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီတိမ်းရှောင်နေရ

0 2
0 2

ဆားလင်းကြီး၊ ဧပြီ ၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်အခြေစိုက် ဝမ်ပေါင် တရုတ်ကြေးနီစီမံကိန်းမှာအထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဧပြီ ၉ ရက်မနက် ၈ နာရီခန့်ကစလို့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာ ဂုဏ်တောရွာထဲ ကိုရောက်ရှိနေတယ်လို့ ဆိုပါတယ်။

“အင်အား ၃၀ လောက်ပဲပါတယ်။ အက်ဆစ်စက်ရုံကနေ ဝမ်ပေါင်ကုမ္ပဏီထဲကို အက်ဆစ်ပို့နေတာလို့တော့ ကြားတယ်။ စစ်ကြောင်းက ဆားလင်းကြီးမြို့နယ်ထဲမှာပဲ ရှိသေးတယ်။” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီမနက် ၇ နာရီခန့်ကစလို့ ဝမ်ပေါင်လုပ်သားတွေနဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ကံကုန်းရွာအနီးရှိ အက်ဆစ်ရုံကနေ ၁ မိုင်ခွဲခန့်အကွာ ဝမ်ပေါင်ကုမ္ပဏီထဲကို အက်ဆက်ပို့နေတာကြောင့် နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကြောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းကြောင့် ယင်းမာပင်-ဆားလင်းကြီးမြို့နယ်အစပ်က ဒုန်းတော၊ ဂုဏ်တော၊ ရွာသာနဲ့ ကျေးစာကျ စတဲ့ကျေးရွာတွေက ခန့်မှန်းဒေသခံ ၃,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီထွက် စစ်ကော်မရှင်စစ်ကြောင်းက ဆားလင်းကြီးမြို့နယ်အတွင်းမှာပဲရှိနေပြီး တိုက်ပွဲဖြစ်တာတွေတော့ မရှိဘူးလို့ သိရပါတယ်။

ဧပြီ ၆ ရက်ကလည်း ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီကထွက်လာတဲ့ အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းကို ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။