အားကစားလား နိုင်ငံရေးလား (အားကစားဆောင်းပါး)

0 2
0 2

မြေလတ်အသံ၊ ဧပြီ ၉၊ ၂၀၂၆။

(AP သတင်းဌာနရဲ့ Iranian American soccer fans are torn between pride and protest as the World Cup nears ကို ဆီလျော်အောင် ဘာသာပြန်တင်ဆက်သည်။)

အီရန်နွယ်ဖွား အမေရိကန်လူမျိုး ဘောလုံးပရိသတ်တွေဟာ အီရန်အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် နိုင်ငံအသင်းအတွက် ဂုဏ်ယူခဲ့ကြရသလို တဖက်မှာလည်း ကစားသမားတွေဟာ အီရန်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဖုံးကွယ်ပေးရာမှာ ပါဝင်နေတယ်လို့ ယူဆပြီး လက်ရွေးစင်အသင်းကို အားပေးဖို့ငြင်းဆန်မှုတွေလည်း ရှိလာပြီး အဆိုပါအကြောင်းအရာ ၂ ခုကြား ဗျာများနေကြပါတယ်။

အီရန်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ကြီးပြင်းခဲ့တဲ့ နယူးယောက်ဘွဲ့လွန်ကျောင်းသား အာရတ်ဒ် အာရှတ် (Arad Ershad) က လော့စ်အိန်ဂျလိစ်မှာ ကစားမယ့် အီရန်အသင်းရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို သွားရောက်ကြည့်ရှုဖို့ စိတ်ကူးခဲ့ဖူးသူဖြစ်ပါတယ်။

ဒါပေမယ့် ဇန်နဝါရီလအတွင်းက အီရန်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် အာရှတ် ငယ်စဉ်ကတည်းက အားကျခဲ့ရတဲ့ ကစားသမားတွေက နှုတ်ဆိတ်နေခဲ့ကြတာကို မြင်တွေ့ရပြီးနောက် သူရဲ့စိတ်ကူးတွေ ပြောင်းလဲသွားခဲ့ပါတယ်။

“သူတို့ အောင်မြင်တာကို မမြင်ချင်တော့တဲ့အထိ ခံစားရတာ တကယ်ဆိုးပါတယ်။ သူတို့က ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တွေပါ။ ကမ္ဘာ့ဖလားကစားရတာ ဘောလုံးသမားတစ်ယောက်အတွက် အမြင့်ဆုံးအောင်မြင်မှုမှန်း သိပေမယ့် ဒီလိုအချိန်မှာ ဘယ်လိုများ နှုတ်ဆိတ်နေနိုင်ကြတာလဲ” လို့ သူကပြောပါတယ်။

ပြည်ပရောက် အီရန်လူမျိုး အများအပြားကလည်း အီရန်လက်ရွေးစင်အသင်း ၇ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေချိန်မှာ အာရှတ် ခံစားရသလိုမျိုး ရှေ့နောက်မညီတဲ့ခံစားချက်တွေ ဖြစ်ပေါ်နေကြပါတယ်။

အီရန်အသင်းအနေနဲ့ ဇွန်လ ၁၅ ရက်(မြန်မာစံတော်ချိန် ဇွန်လ ၁၆ ရက်)မှာ နယူးဇီလန်နဲ့ ပွဲဦးထွက်ကစားရမှာဖြစ်ပြီးတော့ အဲ့ဒီပွဲစဉ်ဟာ အီရန်ပြင်ပရောက် အီရန်လူမျိုးအများဆုံးနေထိုင်တဲ့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်ရှိ လော့စ်အိန်ဂျလိစ်ကွင်းမှာ ဖြစ်ပါတယ်။

ပရိသတ်အချို့က အဆိုပါ အမျိုးသားလက်ရွေးစင်အသင်းဟာ အစိုးရရဲ့ဖိနှိပ်မှုတွေကို ဖုံးကွယ်ပေးရာမှာ ပါဝင်နေတယ်လို့ ယူဆပြီး သွားရောက်အားပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပရိသတ်အချို့ကတော့ နိုင်ငံနဲ့အားကစားကို ချစ်မြတ်နိုးတဲ့အနေနဲ့ သွားရောက်ကြည့်ရှုမှာဖြစ်ပေမယ့် ဆန္ဒပြတဲ့ အမှတ်အသားတွေကို ကွင်းအတွင်း ယူဆောင်သွားမယ်လို့ဆိုပြီး အချို့ကတော့ နိုင်ငံရေးကိုဘေးဖယ်ထားပြီး အားကစားအဖြစ်သာ ကြည့်ရှုခံစားမယ်လို့လည်း ဆိုပါတယ်။

အီရန်အစိုးရက အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ပြိုင်ပွဲဝင်ဖို့ မသေချာကြောင်း ပြောဆိုထားပေမယ့် FIFA က အီရန်ကို သတ်မှတ်ထားတဲ့အတိုင်း ယှဉ်ပြိုင်ဖို့အတွက် တိုက်တွန်းထားပါတယ်။

အီရန်ကစားသမားတွေအနေနဲ့လည်း နိုင်ငံရေးဖိအားတွေကြားမှာ အမြဲရှိနေတတ်ပြီး မတ်လ ၂၇ ရက်က တူရကီမှာ နိုင်ဂျီးရီးယားအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ပွဲစဉ်မှာ အမေရိကန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်တွေကိုရည်စူးပြီး ပွဲစဉ်မစတင်ခင်မှာ ကျောပိုးအိတ်တွေ ကိုင်ဆောင်ခဲ့ကြပါသေးတယ်။

အဆိုပါလုပ်ရပ်ဟာ အီရန်အစိုးရဘက်က ရပ်တည်ခြင်းသာဖြစ်တယ်လို့ အီရန်နွယ်ဖွား အမေရိကန်လူမျိုး ပရိသတ်အချို့က ဝေဖန်ခဲ့ကြပါသေးတယ်။

အီရန်အားကစားသမားတွေဟာ ပရိသတ်ရဲ့ ဝေဖန်ပြောဆိုမှုတွေကြောင့် ဖိအားတွေကိုခံစားရသလို တဖက်မှာလည်း အစိုးရရဲ့ ဖိနှိပ်မှုကို ဆိုးရွားစွာခံစားရလေ့လည်းရှိနေပါတယ်။

၂၀၂၂ ခုနှစ်နိုဝင်ဘာလအတွင်းမှာလည်း အစိုးရကို ဆန္ဒပြမှုကြောင့် အီရန်လက်ရွေးစင်ကစားသမားဟောင်း ဗိုရီယာ ဂါဖူရီ (Voria Ghafouri) ဖမ်းဆီးခံခဲ့ရပြီး ယခုနှစ်မှာလည်း တိုက်စစ်မှူး ဆာဒါ အက်ဇ်မွန် (Sardar Azmoun)က အစိုးရကို အမျက်ထွက်စေတဲ့ ဆိုရှယ်မီဒီယာပို့စ်တခုကြောင့် (ယူအေအီး နိုင်ငံရေးခေါင်းဆောင်တွေကို နှုတ်ဆက်တဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာကြောင့်) ခြေစမ်းပွဲများကနေ ချန်ထားခံခဲ့ရပါသေးတယ်။

ဂါဖူရီဟာ လက်ရွေးစင်အသင်းအတွက် ၉၁ ပွဲမှာ ၅၇ ဂိုး သွင်းယူပေးထားကာ အီရန်သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းသူစာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေသူလည်း ဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်ရှိ အီရန်-အမေရိကန် ကလပ်အသင်း Arya FC ရဲ့ မန်နေဂျာ နာဒါ အဒီလီ (Nader Adeli) ကတော့ စစ်ပွဲကြောင့် အီရန်အသင်း ကမ္ဘာ့ဖလားမှာ မပါဝင်နိုင်မှာကို စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်တွေကို အကြောင်းပြပြီး အီရန်အသင်းကို ကမ္ဘာ့ဖလားမှာ မပါဝင်ဖို့ တားမြစ်ခဲ့ပါသေးတယ်။

သမ္မတ ထရန့်ကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ၎င်းတို့ရဲ့ ပွဲစဉ်တွေကို အမေရိကန်၊ ကနေဒါတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မက္ကဆီကိုနိုင်ငံမှာ ပြောင်းရွှေ့ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် FIFA ဥက္ကဋ္ဌက အကြိမ်ကြိမ် ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်မှာ ကစားမယ့် အီရန်အသင်း၏ ပွဲစဉ် ၂ ပွဲအတွက် လက်မှတ်ဝယ်ယူခွင့် ကံစမ်းမဲမပေါက်ခဲ့တဲ့ အဒီလီက ကမ္ဘာ့ဖလားဟာ ပြင်ပနှောင့်ယှက်မှုတွေမရှိဘဲ အားကစားကို ပျော်ပျော်ပါးပါးခံစားရမယ့် အချိန်မျိုးသာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ပွဲတွေပြင်းထန်နေချိန်မှာ အီရန်အသင်းအနေနဲ့ ပြိုင်ပွဲကိုလာရောက်နိုင်လိမ့်မယ်လို့ သူ မထင်သလို အကယ်၍ လာရောက်နိုင်ခဲ့ပါကလည်း ကစားသမားတွေအနေနဲ့ ပြိုင်ပွဲအပေါ် အပြည့်အဝ အာရုံစိုက်နိုင်ပါ့မလားလို့ သံသယရှိနေတာလည်း ဖြစ်ပါတယ်။

“အားကစားဟာ ဘယ်တော့မှ နိုင်ငံရေးပြဿနာ မဖြစ်သင့်ပါဘူး။ လူသားအချင်းချင်းအနေနဲ့ ကျွန်တော်တို့မှာ အမေရိကန်တွေအပေါ်ရော၊ အီရန်တွေအပေါ်ရော ဘာရန်ငြိုးမှ မရှိပါဘူး။ ဒါဟာ အစိုးရတွေကြားက ကိစ္စရပ်သာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဩစတြေးလျမှာ ကျင်းပခဲ့တဲ့ အမျိုးသမီးအာရှဖလား ပွဲဦးထွက်ပွဲစဉ် (တောင်ကိုရီးယားနှင့်အီရန်ပွဲစဉ်)မှာ အီရန်အမျိုးသမီးအသင်းရဲ့ ကစားသမားအချို့ဟာ နိုင်ငံတော်သီချင်းမဆိုဘဲ နှုတ်ဆိတ်နေခဲ့ကြတာကြောင့် သတင်းကြီးခဲ့ကြပါသေးတယ်။

နောက်ပိုင်းပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဩစတေးလျ၊ ဖီလစ်ပိုင်တို့နဲ့ ပွဲစဉ်တွေမှာတော့ နိုင်ငံတော်သီချင်း ပြန်လည်သီဆိုခဲ့ကြပေမယ့် ပထမပွဲမှာ နှုတ်ဆိတ်နေခဲ့ခြင်းဟာ အစိုးရကို ဆန့်ကျင်ဆန္ဒပြခြင်း သို့မဟုတ် စစ်ပွဲကြောင့် ဝမ်းနည်းပူဆွေးမှုကို ပြသခြင်းဖြစ်တယ်လို့ ဝေဖန်သုံးသပ်သူတွေက ရှုမြင်ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသင်းနဲ့ ကစားသမားတွေက တစုံတရာ မှတ်ချက်မပေးခဲ့ပေမယ့် ကစားသမား ၂ ဦးကတော့ ဩစတြေးလျမှာ နိုင်ငံရေးခိုလှုံခွင့် (Asylum) ရယူဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြပါတယ်။

လက်ရှိမှာတော့ နယူးယောက်မှာ နေထိုင်တဲ့ အီရန်အမျိုးသမီးအသင်း လက်ရွေးစင်ဟောင်း ရှီဗာ အာမီနီ (Shiva Amini) ကတော့ အီရန်အမျိုးသားအသင်းကို ဗီဇာမပေးဖို့ ထရန့်အစိုးရကို တောင်းဆိုထားပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှီဗာ အာမီနီဟာ ၂၀၁၇ ခုနှစ်အတွင်း ဥရောပမှာရှိနေစဉ် Headscarf မပါဘဲ ဓာတ်ပုံရိုက်ခံခဲ့ရပြီးနောက် အီရန် ကနေ ထွက်ခွာခဲ့သူဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားကာလအတွင်း မာဆာ အာမီနီ သေဆုံးမှုကြောင့် တစ်နိုင်ငံလုံးဆန္ဒပြနေချိန်မှာ နှုတ်ဆိတ်နေခဲ့တဲ့ အမျိုးသားလက်ရွေးစင်အသင်းအပေါ် အီရန်ပြည်သူအများအပြား စိတ်ပျက်ခဲ့ကြရတယ်လို့ သူက ပြောပါတယ်။

( အသက် ၂၂ နှစ်အရွယ် အာမီနီ ဟာ Hijab ကို စနစ်တကျ မဝတ်ဆင်တာကြောင့်ဆိုကာ အကျင့်စာရိတ္တထိန်းသိမ်းရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရကာ ထိန်းသိမ်းရေးစခန်းကိုရောက်ရှိပြီး ၂၆ မိနစ်အကြာမှာပဲ သတိလစ် လဲကျသွားခဲ့ပါတယ်။ အီရန်အစိုးရက ငယ်စဉ်ကတည်းကရှိနေတဲ့ ရောဂါအခံကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ ငြင်းဆိုထားခဲ့ပေမယ့် ကုလသမဂ္ဂအဖွဲ့ကတော့ သူ့ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အထောက်အထားတွေရရှိခဲ့ကြောင်းနဲ့ အကျင့်စာရိတ္တရဲများရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ )

“သူတို့မှာ ပြောဆိုခွင့် အခွင့်အရေးအကြီးကြီး ရှိနေပါလျက်နဲ့ အဲဒါကို မသုံးဘဲ ရယ်မောပျော်ရွှင်နေကြတာဟာ တကယ်တော့ ပြည်သူကို ပါးရိုက်လိုက်သလိုပါပဲ။ ဒါကြောင့် သူတို့ဟာ အီရန်ပြည်သူ့လက်ရွေးစင်အသင်း မဟုတ်ဘဲ အစိုးရရဲ့ လက်ရွေးစင်အသင်းသာ ဖြစ်ပါတယ်” လို့ အီရန်အမျိုးသမီးအသင်း လက်ရွေးစင်ဟောင်း ရှီဗာ အာမီနီ က ပြောပါတယ်။

အစိုးရကို အသံထွက်ဝေဖန်ခဲ့တဲ့ ကစားသမားအချို့ဟာ ခါးသီးတဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရကြောင်း ရှီဗာ အာမီနီက အသိအမှတ်ပြုပြောဆိုခဲ့ပြီး အဆိုပါ ကစားသမားတွေထဲမှာ ၂၀၂၂ ခုနှစ် ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့လို့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသည့် အာမီယာ နာဆာ-အာဇာဒါနီ (Amir Nasr-Azadani) လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယူအေအီး နိုင်ငံရေးခေါင်းဆောင်တွေကို နှုတ်ဆက်တဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာတင်ခဲ့တာကြောင့် အီရန်ရဲ့ ထိပ်တန်းတိုက်စစ်မှူး အက်ဇ်မွန် (Azmoun) ဟာလည်း ကမ္ဘာ့ဖလား ခြေစမ်းပွဲတွေကနေ ချန်လှပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အသက် ၆၂ နှစ်အရွယ် Interior Designer (အိမ်တွင်းအလှဆင်သူ) မာဆု အာမာဒီ (Masoud Ahmadi) ကတော့ “ကျနော်တို့ အသံထွက်ပြရမယ်။ ဒီအသင်းက အစိုးရအသင်း ဖြစ်နေပေမယ့် ကျနော်တို့ကတော့ အီရန်လူမျိုးဆိုတဲ့ ဂုဏ်ယူမှုနဲ့အတူ အစိုးရကို ဆန့်ကျင်တဲ့အလံတွေကိုင်ပြီး သွားအားပေးမယ်” လို့ ပြောကြားခဲ့ပါတယ်။

အာရတ်ဒ် အာရှတ်အတွက်ကတော့ တကယ်လို့ ပြိုင်ပွဲမစမီ အစိုးရပြုတ်ကျသွားမှသာ အီရန်အသင်းကို အားပေးမယ်လို့ ဆိုထားပြီး အဲ့ဒီလိုမဖြစ်လာပါက ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင်တဲ့ ပေါ်တူဂီအသင်းကိုပဲ အားပေးတော့မယ်လို့ ဆိုပါတယ်။

“ကိုယ့်နိုင်ငံအသင်းကို အားမပေးရတာ ခက်ခဲပေမယ့် ပေါ်တူဂီပဲ နိုင်ပါစေတော့ဗျာ” လို့ သူက ဆိုပါတယ်။

Ref ; Iranian American soccer fans are torn between pride and protest as the World Cup nears (AP) / Iran’s soccer team honors victims of deadly missile strike on elementary school (AP) / Iranian soccer player arrested amid World Cup scrutiny (AP) / Iran soccer star Sardar Azmoun threatened with asset seizure by state (AP) / Iran is responsible for the ‘physical violence’ that killed Mahsa Amini in 2022, UN probe finds / Iran’s women’s team refuse to sing national anthem before Asian Cup tie (Guardian Football) / Fifa.com /

မြေလတ်အသံ

ဆောင်းပါး #အားကစား #အီရန် #ကမ္ဘာ့ဖလား

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။