မြို့တွင်းမိုင်းအန္တရာယ်ကြားက လက်ကျန်ဆင်ဖြူကျွန်းမြို့ခံတွေကို စစ်တပ်က မဲထည့်ခိုင်း

0 14
0 14

မြေလတ်အသံ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ စစ်ကော်မရှင်လက်အောက်တပ်ဖွဲ့ဝင်တွေက ရွေးကောက်ပွဲအတွက် မြို့ခံတွေအနေနဲ့ မဲထည့်ကြဖို့ လိုက်လံပြောဆိုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်မယ့် စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပိုင်း ၂ မှာ ဆင်ဖြူကျွန်းမြို့ပါဝင်တာဖြစ်ပြီး ပိုးအရှေ့ရပ်ကွက်ရှိအထက်တန်းကျောင်းမှာ မဲရုံဖွင့်လှစ်ထားကာ မြို့တွင်းမိုင်းတွေရှင်းလင်းပြီးဖြစ်တာကြောင့် မဲလာပေးကြဖို့ဆိုကာ ပြောဆိုတယ်လို့ ဆိုပါတယ်။

” သူတို့ကမိုင်းတွေဖြုတ်တယ်လို့ ပြောသံတော့ကြားတယ်၊ ၅ လုံးထောင်ထားတဲ့နေရာ ၂ လုံးဖြုတ်တယ်။ ၆ လုံးထောင်တဲ့နေရာ ၃ လုံးဖြုတ်တယ်။ မိုင်းတွေကို လုံးလုံးဖြုတ်သွားတာတော့ မရှိဘူး၊ ရွာတွေဘက်မှာတော့ မဲထည့်ဖို့ မကြားဘူး၊ မြို့ပေါ်မှာ လူဦးရေသိပ်မရှိတော့ပါဘူး” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဆင်ဖြူကျွန်းမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးအပါဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းမီးရှို့ခဲ့ပြီးတဲ့နောက် မြို့ တွင်းကိုဝင်ရောက်နိုင်တဲ့ ရပ်ကွက်လမ်းတွေမှာ စစ်တပ်က မြေမြုပ်မိုင်းတွေအပါ မိုင်းအများအပြားထောင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်မနက်ပိုင်းက ဆင်ဖြူကျွန်းစျေးနဲ့ ရပ်ကွက် ၄ ခုမှာ မိုင်းပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် မြို့ခံအမျိုးသား၊ အမျိုးသမီး ၁၅ ဦးဒဏ်ရာရရှိခဲ့တာကြောင့် လက်ကျန်မြို့ခံအများစုမှာ မြို့တွင်းမနေထိုင်ရဲတော့ဘဲ ဧရာဝတီမြစ်ဘေးသဲသောင်ပြင်မှာ ယာယီတဲထိုးနေထိုင်နေကြတယ်လို့ သိရပါတယ်။

” ပိုးအရှေ့၊ ပိုးအနောက်၊ ဘုရားကြီးကုန်းဘက်တွေ လမ်းတလျှောက်အကုန်လုံး သူတို့(စစ်တပ်)က မိုင်းထောင်ထားတာ ဘယ်သူကသွားပြီး မဲထည့်ရဲမှာတုန်း။ ထည့်မယ့်သူကလည်း မရှိတော့ဘူး၊ လူတွေကလည်း မနေ့က မြို့ပေါ်မှာ မိုင်းပေါက်တာတွေ၊ ထိတာတွေကြားပြီး ပြောင်းရွှေ့ကုန်ကြပြီ။ ဘယ်သူမှမရှိကြတော့ဘူး” လို့ အထက်ပါမြို့ခံက ပြောပါတယ်။

လက်ရှိစစ်ကော်မရှင်တပ်က မဲရုံဖွင့်လှစ်ထားရာ အထကကျောင်း၊ ဆင်ဖြူကျွန်းမြို့ပေါ် ဘုရားဝန်းတွေ၊ ရဲစခန်းနဲ့ နွယ်တမယ်တံတားထိပ်တွေမှာတပ်စွဲထားပြီး လတ်တလောတိုက်ပွဲတွေငြိမ်သက်နေပေမယ့် မြို့ခံအားလုံးနီးပါးက ဘေးလွတ်ရာမြို့တွေကို ပြောင်းရွှေ့စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။

ဇန်နဝါရီ ၈ ရက်ညပိုင်းမှာလည်း ဆင်ဖြူကျွန်းမြို့ပေါ်ရှိစစ်ကော်မရှင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောင်းဘောင်၊ ချောင်းကောက်၊ ညောင်အင်းရွာတွေအနီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်မယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ မကွေးတိုင်းအတွင်း စလင်းနဲ့ဆင်ဖြူကျွန်းအပြင် ဂန့်ဂေါ၊ ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ ငဖဲ၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲမြို့နယ်တွေ ပါဝင်တာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။