တောကျွဲအင်းရဲစခန်းအပါ စစ်တပ်စခန်း ၁၄ ခုအထိ PDF တွေဝင်တိုက်ပြီး လက်နက်ခဲယမ်းဒါဇင်နဲ့ ချီသိမ်းဆည်း

0 67
0 67

■ ရဲစခန်းတွင်း ဖမ်းဆီးထားတဲ့ ပြည်သူ ၈ ဦးကိုပြန်လွှတ်ပေး

မြေလတ်အသံ၊ ဇန်နဝါရီ ၉၊ ၂၀၂၆။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အပါအဝင် ကျောက်တံခါးနဲ့ အုတ်တွင်းမြို့နယ်မှ စစ်ကော်မရှင်စခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက် ဒီမနက်အစောပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသက ထုတ်ပြန်လာပါတယ်။

တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ စည်ပင်ရွာက စစ်ကော်မရှင်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားမှာတပ်စွဲထားတဲ့ ကင်းစခန်းတွေအပါအဝင် စုစုပေါင်းစခန်း ၁၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တောကျွဲအင်းမြို့အတွင်း ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကော်မရှင်ရဲ့အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကိုမီးရှို့ပြီး မြို့ကိုခေတ္တထိန်းချုပ်နိုင်ခဲ့ကာ ရဲစခန်းတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပြည်သူ ၈ ဦးကိုလည်း စိစစ်ပြီးလွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို KNLA တပ်ရင်း ၉၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမနက် ၃ နာရီလောက်က စတင်တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်စခန်းတွေမှာ အုတ်တွင်းမြို့နယ်၊ စည်ပင်သာကျေးရွာအနီးက စစ်ကော်မရှင်စစ်ဆေးရေးဂိတ်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ ပေါ်ရှိ ရဲစခန်း၊ ဘူတာအနီးဂိတ်၊ ကပ်ကွင်းဘုရားကုန်းအနီးဂိတ်နဲ့ အောင်မင်္ဂလာဂိတ်တို့လည်းပါဝင်ပြီး စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းသုံးဗုံးကြဲခဲ့တယ်လို့ တောကျွဲအင်းမြို့ခံတဦးက ပြောပါတယ်။

“ပစ်ခတ်မှုကတော့ နေထွက်တော့ငြိမ်သွားတယ်။ ၅ နာရီလောက်မှာ လေယာဥ်တွေနဲ့ ၃ ခေါက်လာကြဲသွားတယ်။ ရထားလမ်းဘက် ရွာစွန်တွေကို။ “လို့ မြို့ခံတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာတွေက ရဲစခန်း ၁ ခုသာ အင်အား ၃၀ ကျော်ရှိပြီး ကျန်ရှိတဲ့ဂိတ်တွေမှာ ပျူစောထီးနဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၁၀ ဦးခန့်စီသာရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ခမရ ၃၀၇ တပ်တွေစစ်ကူလာတယ်လို့ သိရပြီး မနက် ၈ နာရီကျော်မှာပစ်ခတ်သံတွေ ငြိမ်သွားပြီးနောက် စစ်ကော်မရှင်ဘက်က အင်အားအများအပြားနဲ့ တောကျွဲအင်းမြို့ကိုပြန်ပိတ်ပြီး မြို့တွင်း ရှင်းလင်းရေးတွေလုပ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။