မြင်းခြံမှာ စစ်တပ်က အိမ်ခြေ ၇၀၀ ကိုမီးရှို့ပြီး ရွာခံ ၃ ဦးကိုပစ်သတ်

0 31
0 31

ဓါးထိုးသတ်ခံရတဲ့ အမျိုးသား ၁ ဦး ဓါးဒဏ်ရာတွေနဲ့လွတ်မြောက်လာ

မြင်းခြံ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့နဲ့ အိုင်းမရွာက နေအိမ် ၇၀၀ ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကမီးရှို့ပြီး အနည်းဆုံး ရွာခံ ၃ ဦးကိုလည်းပစ်သတ်ခဲ့တယ်လို့ မြင်းခြံအခြေစိုက် LPDF တခုရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီခန့်မှာ တလုပ်မြို့မှာ စစ်ကော်မရှင်တပ်သားတွေက နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် မြို့တွင်းရှိနေအိမ် ၃၀၀ ခန့်မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပုံစာ – မီးရှို့ခဲ့ရသည့် အိုင်းမရွာ။

ဒါ့အပြင် ဒီဇင်ဘာ ၂၂ ရက်မှာလည်း မြင်းခြံမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့ အင်အား ၆၀ ကျော်ပါစစ်ကြောင်းဟာ အိုင်းမရွာထဲကိုဝင်ရောက်ကာ နေအိမ်တွေကိုမီးရှို့ပြီး ဒေသခံတွေကိုလည်းပစ်ခတ်ခဲ့တယ်လို့ မြင်းခြံအခြေစိုက် LPDF တခုရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

“တလုပ်မှာရှိတဲ့ စကမအဖွဲ့က တလုပ်ကိုရှို့တာက သက်သက်၊ အိုင်းမကိုဝင်လာတဲ့စစ်ကြောင်းက ရှို့တာက သက်သက်၊ အိုင်းမရွာကိုတော့ မနေ့ကထိ နေအိမ်တွေမကုန်မချင်းရှို့နေတာ”လို့ ဆိုပါတယ်။

ပုံစာ – မီးရှို့ခဲ့ရသည့် အိုင်းမရွာ။

၂၀၂၅ ဖေဖော်ဝါရီလပိုင်းမှာ တလုပ်မြို့သိမ်းဖို့အတွက် တော်လှန်ရေးတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဒေသခံတွေမြို့ပေါ်ကတိမ်းရှောင်ခဲ့ကြပြီး အဲ့ဒီအချိန်ကစလို့ မြို့ပေါ်မှာ စစ်ကော်မရှင်တပ်က တပ်စွဲထားတာလို့ ဆိုပါတယ်။

အိုင်းမရွာမှာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး စစ်ကော်မရှင်စစ်ကြောင်းက ၂ ရက်ဆက်မီးရှို့လို့ ရွာအတွင်းရှိ နေအိမ်အားလုံးနီးပါး မီးလောင်ပျက်စီးသွားပြီလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အိုင်းမရွာကိုဝင်ရောက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာအတွင်းတွေ့ရတဲ့ အသက် ၂၅ နှစ်အရွယ် လူငယ် ၁ ဦးရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးလည်ပင်းလှီးပြီး နောက်ထပ်အမျိုးသား ၃ ဦးကိုလည်း သေနတ်ကိုင်ဓာတ်ပုံရိုက်ပြီးနောက် ပစ်သတ်ခဲ့တယ်လို့ ဓားထိုးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြောပြချက်ကို အထက်ပါ LPDF တာဝန်ရှိသူက ပြန်ပြောပြပါတယ်။

“ရွာသား ၃ ယောက်ကို သေနတ်ကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်ပစ်သတ်လိုက်တာကို လွတ်လာတဲ့ ကလေးပြောပြလို့သိရတယ်။ သူ့ကိုလည်း သတ်တာဘဲ။ ကလေးက သေချင်ယောင်ဆောင်ပြီး သူကံလည်းပါတော့ လွတ်လာတာ။ ဒဏ်ရာတွေနဲ့ဆိုတော့ နားလိုက် ပြေးလိုက်နဲ့ လွတ်လာတာ။ ကျနော်တို့ဆီက ပြည်သူအချို့လည်းရှိတော့ ကျနော်ဆီပို့ခိုင်းပြီး ဆေးရုံပို့ပေးခဲ့ရတာ”လို့ ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်မှာ ရင်ဘတ်ကို ဓားနဲ့ ၃ ချက်ထိုးခံထားရပြီး လည်ပင်းကို ဓားနဲ့ ၁ ချက်လှီးခံထားရတယ်လို့ ဆိုပါတယ်။

ပုံစာ – စစ်ကော်မရှင်တပ်တွေ မီးရှို့ခဲ့သည့် တလုပ်မြို့။
ပုံစာ – စစ်ကော်မရှင်တပ်တွေ မီးရှို့ခဲ့သည့် တလုပ်မြို့။

ပစ်သတ်ခံရတဲ့ အမျိုးသား ၃ ဦးအပြင် နောက်ထပ်ရွာခံအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံထားရတယ်လို့ သတင်းရထားပေမယ့် စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာထဲရှိနေတာကြောင့် နယ်မြေမရှင်းလင်းနိုင်သေးတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်မီးရှို့နေလို့ အိုင်းမ၊ မြို့ကြီးကုန်း၊ မြောက်ရွာ၊ ရဲတိုင်၊ ကျောက်ဖြူကန်ကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ထွက်ပြေးနေရပါတယ်။

ဩဂုတ် ၈ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးနဲ့ပစ် မီးရှို့လို့ စစ်ရှောင် ၃ ဦးဒဏ်ရာရပြီး နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။