13 July 2026 12:51 AM

ယာဉ်ထိန်းရဲနဲ့ပေါင်းပြီး ဆိုင်ကယ်ကူဖမ်းပေးသူအမျိုးသား ဆိုင်ကယ်တိုက်လို့ သေဆုံး

0 5
0 5

ပဲခူး၊ မေ ၅၊ ၂၀၂၃။

ပဲခူးမြို့ပေါ်မှာ ယာဉ်ထိန်းရဲတွေနဲ့ပေါင်းပြီး ဆိုင်ကယ်ကူဖမ်းပေးနေတဲ့ အသက် ၅၅ နှစ်အရွယ် ဦးစိုးပိုင်ဟာ ဆိုင်ကယ်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီ ဦးစိုးပိုင်ဟာ ယာဉ်ထိန်းရဲတွေနဲ့အတူ မေလ ၃ ရက်နေ့ ပဲခူးမြို့ပေါ်က နာရီစင်ရှေ့မှာ ကား၊ ဆိုင်ကယ်တွေကို ဝိုင်းဝန်းဖမ်းဆီးပေးနေတုန်း အမည်မသိ အမျိုးသား ၂ ဦးမောင်းနှင်လာတဲ့ဆိုင်ကယ်ရှေ့ပိတ်ရပ်ပြီး စစ်ဆေးဖို့လုပ်ချိန်မှာ ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိလို့ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ နေရာမှာပွဲချင်းပြီးသေဆုံးသွားတယ်လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“ဆိုင်ကယ်သမားက အဖမ်းမခံပဲ မောင်းပြေးတာ၊ အဲဒီလူက ဆိုင်ကယ်ရှေ့ ပိတ်ရပ်လိုက်တာ အဲတာကို အရှိန်ကအရမ်းပါနေတော့ တိုက်မိပြီ ဦးခေါင်းကွဲသွားတယ်။ သူက အဲလိုကူဖမ်းပေးနေတာကြာပြီ။ တချို့ကားသမားတွေ ကယ်ရီသမားတွေကအစ ကူဖမ်းပေးကြတာ။ သူတို့ကို ကူဖမ်းပေးရင် ပိုက်ဆံအချိုးကျပေးသလို၊ လုပ်ပိုင်ခွင့်တချို့ကိုလည်း ပေးတယ်လို့ကြားတယ်” လို့ ဆိုပါတယ်။

ဦးစိုးပိုင်ဟာ ပဲခူး၊ ရန်ကုန်၊ ညောင်လေးပင်ဘက်သွားနေတဲ့ လိုင်းကားတွေကိုပိုင်ဆိုင်သူတဦးဖြစ်ကာ ဘုရားစျေးမှာလည်း ချိုကြီးဆိုင်ကယ်အပိုပစ္စည်းဆိုင် ဖွင့်ထားသူဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဦးစိုးပိုင်ကို မေလ ၅ ရက်ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဆင်ဖြူကွင်းသုဿန်မှာ သွားရောက် မီးသဂြိုလ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ရွှေမော်ဓောဘုရားအနောက်ဘက်မှာရှိတဲ့ သီရိဟံသာခန်းမဘေးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မော်တော်ဆိုင်ကယ် ၁၀ စီးနီးပါးကို ယာဥ်ထိန်းရဲတွေက သယ်ဆောင်သွားပြီး အခုချိန်ထိပြန်လည်မရရှိသေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် မတ်လ ၁ ရက်ကလည်း ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား တောင်ဘက်မုဒ် သနပ်ပင်လမ်းမကြီးဘေးမှာ ရဲ၊ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပေါင်းပြီး အင်အား ၂၀ နီးပါးနဲ့ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။