လွတ်ငြိမ်းစာရင်းပါ ဆရာအတတ်သင်ကျောင်းသား ၂ ဦးကို ၅၀ ည နဲ့ ပန်းတောင်းအချုပ်မှာ ပြန်ဖမ်းထား

0 1
0 1

ပဲခူး၊ မေ ၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ ဆရာအတတ်သင်ကျောင်းသား ၂ ဦးကို ပန်းတောင်းရဲစခန်းအချုပ်မှာ ပြန်လည် ဖမ်းဆီးချုပ်နှောင် ထားလိုက်တယ်လို့ နိုင်ငံရေးအသိုင်းအဝန်းက သိရပါတယ်။

ယနေ့ မေလ ၃ ရက် ကဆုန်လပြည့်နေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၀၅-က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့ရာမှာ ပြည်မြို့အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား/သူ ၅၃ ဦးကို လွတ်ပေးခဲ့ပေမယ့် ပြည်ပညာရေးဒီဂရီကောလိပ် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းခန့်ကျော်(၂၀ နှစ်)၊ နဲ့ ကိုရှိန်းဝေယံကျော် (၁၈ နှစ်) တို့ နှစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“သူတို့က ပညာရေးကောလိပ်က ကျောင်းဆရာပေါက်စလေးတွေပါ။ လွှတ်ပေးပြီးကာမှ ပန်းတောင်းစခန်းဘက်က ရဲတွေက ခေါ်ပြီး ခံဝန်နဲ့ပြတ်လွှတ်ပေးမယ်ပြောတယ်။ အခုတော့ မလွှတ်တော့ဘူး ပန်းတောင်းရဲအချုပ်မှာဖမ်းထားတယ်။ ပထမ ၅၀၅-က နဲ့အမိန့်ချပြီးသားကို ရဲတွေက ၅၀-ည နဲ့ ပြင်ဆင်ချက်တက်တယ်ဆိုလို့ မလွှတ်တော့ဘူး” လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

သူတို့နှစ်ဦးကို CDM ထောက်ပံ့မှုနဲ့ ၅၀-ည ပုဒ်မ နဲ့ စတင်တရားစွဲဆိုခဲ့ပေမယ့် တရားရုံးက ၅၀၅-က နဲ့ အမိန့်ချခဲ့တာကြောင့် လွတ်ငြိမ်းနဲ့ လွတ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဘက်က ရဲတပ်ဖွဲ့ကို ပြင်ဆင်ချက် တက်ပြီး ထပ်မံအမှုဖွင့် ဖို့ ပြောဆိုခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

အခုသူတို့ကိုမလွတ်ပေးဘူး ပန်းတောင်းစခန်းအချုပ်မှာ ပြန်ဖမ်းထားတယ်။ သောကြာနေ့မှာ ထောင်ကိုပြန်ပို့မယ်လို့ပြောတယ်။ အခုအမှုကတော့ ထောင်ဒဏ် ၁၀ နှစ်လောက်ကျမယ်။ အခုထိတော့ အိမ်နဲ့အဆက်သွယ်မရကြသေးဘူးလို့ ပြောတယ်။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကိုရှိန်းဝေယံကျော်နဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာတော့ ကိုမင်းခန့်ကျော် တို့ကို ပြည်အကျဉ်းထောင်ထဲကို ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။

အလားတူ ကိုကျော်စွာမိုး ဆိုသူကိုလည်း လွတ်ငြိမ်းစာရင်းထဲမှာ ပါဝင်ခဲ့ပြီးကာမှ လွှတ်ခါနီး နံနက်မှာတော့ သံသယဖြင့် စာရင်းပြန်ဖျက်ပြီး ဆက်လက်ထိန်းသိမ်းထားခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။